ဗီယက်နမ်နည်းပညာဖြင့် ငါးရှဉ့်သားဖောက်မှု ခုနစ်လအကြာတွင် စမ်းသပ်အောင်မြင်

ရန်ကုန် ၂၃ မေ 

 

မြန်မာမျိုးရင်းငါးရှဉ့်များကို ဗီယက်နမ် နည်းပညာဖြင့် သားဖောက်ခဲ့ရာ ခုနစ်လအကြာတွင် ပထမဦးဆုံး အကြိမ်အဖြစ် အောင်မြင်မှုရရှိပြီဖြစ်သည်။ 

 

ပြီးခဲ့သည့် နှစ်အတွင်းက MFF မှ တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ ငါးရှဉ့်သားဖောက်မှု နည်းပညာကို လေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ စမ်းသပ်သားဖောက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း MFF ဒု-ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင် က ပြောသည်။ 

 

“မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ဖောက်တဲ့ သားပေါက်ဖြစ်တဲ့အတွက် MFF အနေနဲ့ ဂုဏ်ယူမိပါတယ်၊ ဒီဟာက ဘာကိုသွားပြီး အကျိုးပြုမလဲဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်တယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစတင်ကာ မြန်မာနိုင်ငံဒေသတချို့မှ ငါးရှဉ့်မျိုးများ ကို စုဆောင်းကာ အောက်တိုဘာလမှ စတင်ကာ သားဖောက်သည့်လုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။ 

 

လွန်ခဲ့သည့် နှစ်ပတ်မှ စတင်ကာ သားပေါက် အကောင်ရေ ၂၀ဝ ကျော် စတင်ရရှိလာပြီဖြစ်ပြီး ယခုတွင်လည်း ထပ်မံထွက်ရှိလာကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရက်သတ္တခုနစ်ပတ်သားအရွယ် သားပေါက်များကို အစာစက်ရုံမှ ထွက်ရှိသော ငါးစာအမှုန့်များ စမ်းသပ်ကျွေးနေပြီဖြစ်ပြီး သုံးပတ်ကျော်လွန်ပါက nusery အဆင့်ကို ကျော်လွန်ပြီဖြစ်ကြောင်း ဒေါ်တိုးနန္ဒာတင် က ရှင်းပြသည်။ “တကယ်လို့ သားဖောက်ပြီးရင် ၅ ပေ ပတ်လည်ရှိတဲ့ ကန်မှာ သဘာဝရွှံ့ထည့်ပြီးမွေးရင် ကောင်းကောင်းကြီးထွားတယ်၊ အခုက ပေါက်နေတဲ့ ငါးတွေကို ငါးစာမှုန့် ကျွေးကြည့်နေတယ်၊ အစာအရှင်ကိုပဲ မဟုတ်ဘဲ အစာစက်ရုံက ထုတ်တဲ့အစာကို ကျွေးလို့ရရင် မြန်မာနိုင်ငံ ဘယ်နေရာမှာမဆို လွယ်လွယ်ကူကူ မွေးလို့ရပြီ” ဟု ၎င်းကပြောသည်။ 

 

MFF အနေဖြင့် အဆိုပါ သားဖောက်မှုဖြစ်စဉ် တစ်လျှောက်လုံးကို ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနနှင့် ပူးပေါင်းကာ အသေးစိတ် လေ့လာပြီး စာတမ်းတစ်စောင် ပြုစုသွားမည်ဖြစ်သကဲ့သို့ သားဖောက်သည့် နည်းပညာကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

MFF အနေဖြင့် ငါးရှဉ့်သားဖောက်ပြီး ထုတ်လုပ်သည့် လုပ်ငန်းကို စီးပွားဖြစ် ထုတ်လုပ်မွေးမြူနိုင်ရန် ရည်ရွယ်ထားပြီး သားဖောက်ခြင်းကို ထပ်မံလုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ အနှံ့အပြားရှိ ငါးရှဉ့်ထွက်ရှိရာ ဒေသများနှင့် ဆက်သွယ်ကာ မျိုးငါးများ ဝယ်ယူစုဆောင်းရန် ပြင်ဆင်နေကြောင်း သိရသည်။ 

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ငါးရှဉ့်ထုတ်လုပ်မှုသည် တရားမဝင် ငါးဖမ်းသည့် ဘက်ထရီ ရှော့ခ်တိုက်မှုများကြောင့် မျိုးပွားအင်္ဂါများ ပျက်စီးကာ ထွက်ရှိမှု ကျဆင်းလာနေကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံမှ ငါးရှဉ့်ကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ ငါးရှဉ့်တစ်ကောင်သည် အနည်းဆုံး ဥ ၂၀ဝ မှ ၁၀ဝဝ အကြား ဥနိုင်သဖြင့် ယခုသားဖောက်လုပ်ငန်း အောင်မြင်ပါက တစ်ပိုင်တစ်နိုင် ငါးမွေးမြူသူများပင် အလွယ်တကူ မွေးမြူနိုင်ကြောင်း သိရသည်။ 

 

MFF အနေဖြင့် မကြာခင် ကာလတွင် ဗီယက်နမ်နိုင်ငံမှ ငါးရံ့၊ ငါးပြေမနှင့် ငါးတန် မျိုးငါး ၁၀ဝဝ စီနှင့် သားပေါက်ကောင်ရေ တစ်သိန်းစီ တင်သွင်းပြီး သားဖောက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

GNLM