ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတောလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း တည်ရှိသည့် မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတော ကျေးရွာချင်းဆက်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် အမာခံမြေသားလမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လည်း ၂၀၁၉-၂၀၂၀ ခုနှစ်မှစပြီး အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

 

အဆိုပါလမ်းသည် ရွှေရောင်တော်ဘုရားလမ်းမှတစ်ဆင့် မကွေး-တောင်တွင်းကြီးလမ်းသို့ ဆက်သွယ် သွားလာနိုင်ပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၅၃၈ အိမ်နှင့် လူဦးရေ ၂၆၅၀ တို့ကို ကိုယ်စားပြုနေသည့် လမ်းလည်း ဖြစ်သည်။ လက်ရှိ လမ်းအခြေအနေသည် ကျေးရွာမှ ဆောင်ရွက်ထားသည့် တစ်ကြောင်းထိုးလမ်းသားဖြစ်ပြီး  ၂ မိုင် ၁ ဖာလုံရှိသည့်  ကျေးရွာချင်းဆက်လမ်းဖြစ်သည်။

 

တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးယဉ်ကျေးမှုနယ်မြေ မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတော ကျေးရွာ ချင်းဆက်လမ်းကို မြေနီကျောက်ချောလမ်း ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

မျိုးထက်ဦး(MDN)