ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဆုံး ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ကမ္ဘောဒီးယား     မေ     ၅

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်း (အမျိုးသား/အမျိုးသမီး) အခြေခံပြကွက် (လက်)ပြိုင်ပွဲ၊ ဝါးညှပ်အက ပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အမျိုးသမီးအခြေခံပြကွက် (လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဆုံး ငွေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားအခြေခံပြကွက် (လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦးက မြန်မာနိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီးဝါးညှပ်အကပြိုင်ပွဲတွင် မမြတ်နိုးဝေက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို မေ ၄ ရက်တွင် ကျင်းပရာ မြန်မာနိုင်ငံအတွက် ပထမဆုံး ငွေတံဆိပ်ဆုရရှိခဲ့သည့် မနီလာစိုးဦးကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် PHNON PENH University တွင် ကျင်းပသည့် စစ်တုရင် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများကို လည်းကောင်း၊ National Olympic Stadium Indoor Hall ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းမှ မြန်မာအသင်းကို ၃ ပွဲ၊ ၁ ပွဲဖြင့်လည်းကောင်း၊ National Olympic Stadium ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၅ ဂိုး၊ ဂိုး(မရှိ)ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ မြန်မာအားကစားသမားအနေဖြင့် မေ ၄ ရက်အထိ ငွေတံဆိပ် တစ်ခု၊ ကြေး သုံးခု စုစုပေါင်း ဆုတံဆိပ် လေးခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်