ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်း ၂၀၂၀ AFC Cup ပြိုင်ပွဲဝင်ခွင့်ရရှိ

ရန်ကုန် ၂၅ စက်တင်ဘာ


၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် AFC Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။


ရန်ကုန်အသင်းသည် လာမည့်ရာသီတွင် အာရှအဆင့် ကလပ်ပြိုင်ပွဲဝင်ခွင့်ရရန် နောက်ဆုံး မျှော်လင့်ချက်ဖြစ်သည့် ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။


၂၀၁၉ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများ ပြီးဆုံးခဲ့ပြီဖြစ်ပြီး MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ရန်ကုန်အသင်းက AFC Cup ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။


ရန်ကုန်အသင်းသည် AFC Cup ပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၂ ရာသီမှ စတင်ယှဉ်ပြိုင်ခွင့် ရခဲ့ကာ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ရာသီတို့ ယှဉ်ပြိုင်ခဲ့ကာ အမြင့်ဆုံးအဖြစ် ၂၀၁၃ နှင့် ၂၀၁၄ ရာသီတွင် ရှုံးထွက်အဆင့် ၂၀၁၈ ရာသီတွင် အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။


ရန်ကုန်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး Southern ကို ပယ်နယ်တီအဆုံးအဖြတ်၌ အနိုင်ရခဲ့သလို ဆီမီးဖိုင်နယ်တွင် စစ်ကိုင်းအသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုး၊ ဗိုလ်လုပွဲတွင် ရှမ်းယူနိုက်တက်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်