ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ မေ ၂၅၊ ၂၆ ရက် ကျင်းပမည်

ရန်ကုန် ၂၂ မေ

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်၊ ချန်ပီယံဟောင်း ရှမ်းယူနိုက်တက်နှင့် ယခုရာသီတွင် ခြေစွမ်းရော ရလဒ်ပါကောင်းမွန်နေသည့် စစ်ကိုင်းနှင့် ရခိုင်အသင်းတို့ တက်ရောက်လာသည်။

ဆီမီးဖိုင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းပြင်ဆင်မှုအလုံးစုံ မပြီးစီးသေးသောကြောင့် ကျန်သုံးသင်းသာ အိမ်ကွင်းလက်ခံကစားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကို ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် မေ ၂၅ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ မေ ၂၆ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အသင်းကြီးအချို့ ကျော်ဖြတ်လာသည့် ရခိုင်နှင့် စစ်ကိုင်း၊ ချန်ပီယံဆုရရန် ရေပန်းစားနေသည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ တွေ့ဆုံမှုများမှာ စိတ်ဝင်စားဖွယ်ကောင်းနေပြီး အမှတ်ပေးပြိုင်ပွဲ ပထမအကျော့တွေ့ဆုံမှုတွင်လည်း အရှုံးအနိုင်မပေါ်ခဲ့သောကြောင့် အကြိတ်အနယ်ရှိနေခြင်းဖြစ်သည်။ 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့တွေ့ဆုံမှုတွင် ရခိုင်အသင်း၏ အိမ်ကွင်း၌ ရခိုင်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေ၊ ရန်ကုန်အသင်း၏ အိမ်ကွင်း၌ ရန်ကုန်နှင့် စစ်ကိုင်းအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ စစ်ကိုင်းအသင်းနှင့် ရခိုင်အသင်းတို့ ယခုရာသီတွင် ခြေစွမ်းပြကစားနေမှုကြောင့် အသင်းကြီးနှစ်သင်းဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ဗိုလ်လုပွဲလမ်းကြောင်းမှာ ခရောင်းလမ်းကို ဖြတ်သန်းရဖွယ်ရှိနေသည်။ 

ဆီမီးဖိုင်နယ် တက်ရောက်လာသည့်အသင်းများအနက် လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှလွဲ၍ ကျန်အသင်းများမှာ ဒုတိယအဆင့်သို့ စတင်ကစားခဲ့ရပြီး ရှမ်းယူနိုက်တက်အသင်းက ဒုတိယအဆင့်တွင် မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ကွာတားဖိုင်နယ်တွင် ဟံသာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရခိုင်အသင်းက ဒုတိယအဆင့်တွင် ဇွဲကပင်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-လေးဂိုး၊ ကွတားဖိုင်နယ်တွင် မကွေးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

စစ်ကိုင်းအသင်းသည် ဒုတိယအဆင့်တွင် ဒဂုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ကွာတားဖိုင်နယ်တွင် ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး နှစ်ပွဲစလုံး ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရပြီး Southern အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ စက်တင်ဘာမှ ကျင်းပမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်