ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲများ မေ ၁၅ ရက် ဆက်လက်ကျင်းပမည်

ရန်ကုန် ၁၄ မေ

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (နောက်ဆုံးနေ့)ကို မေ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးနေ့တွင် ပွဲစဉ်နှစ်ပွဲသာ ပါဝင်မည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ ဒဂုံအသင်းနှင့် စစ်ကိုင်းအသင်း၊ ပဒုမ္မာကွင်း၌ Southern အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအသင်းများအနက် စစ်ကိုင်းနှင့် Southern အသင်းသည် ဒုတိယအဆင့်မှ စတင်ကစားရခြင်းဖြစ်ပြီး ကျန်နှစ်သင်းမှာ ပထမအဆင့်မှ တက်ရောက်လာခြင်းဖြစ်သည်။ ငွေကြယ်ပွင့်အသင်းသည် ပထမအဆင့်တွင် MNL ကလပ် Chinland အသင်းကို ကျော်ဖြတ်လာသည့်အသင်းဖြစ်ပြီး ဒဂုံအသင်းမှာမူ မောရဝတီကို လေးဂိုးပြတ်အနိုင်ရလာခြင်းဖြစ်သည်။ 

ဒုတိယအဆင့်တွင် ပွဲစဉ်ပေါင်း ခုနစ်ပွဲပါဝင်ပြီး မေ ၁၊ ၈ ရက်တွင် ငါးပွဲကျင်းပထားသောကြောင့် လက်ကျန်နှစ်ပွဲကို မေ ၁၅ ရက်တွင် ကစားခြင်းဖြစ်သည်။ စစ်ကိုင်းနှင့် ဒဂုံပွဲမှ အနိုင်ရသည့်အသင်းမှာ ရတနာပုံအသင်း၊ Southern နှင့် ငွေကြယ်ပွင့်အနိုင်ရသည့်အသင်းမှာ ရန်ကုန်အသင်းနှင့် ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။ စစ်ကိုင်းအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းများရနေသော်လည်း ရှုံးထွက်ပွဲဖြစ်သောကြောင့် ဒဂုံအသင်း၏ ရုန်းကန်မှုကို ထည့်တွက်ရမည်ဖြစ်သည်။ ငွေကြယ်ပွင့်အသင်းမှာလည်း ပထမအဆင့်တွင် MNL ကလပ်ကို အနိုင်ရလာသောကြောင့် Southern အသင်းအနေဖြင့် အာရုံစိုက်ကစားရမည်ဖြစ်သည်။

ကွာတားဖိုင်နယ်သို့ တိုက်ရိုက်ကစားခွင့်ရထားသည့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းအပါအဝင် ဒုတိယအဆင့်မှ တက်ရောက်လာသည့် ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ ဟံသာဝတီ၊ မကွေးနှင့်  ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၁၉၊ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်