ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားပွဲများ မေ ၁၉၊ ၂၀ ရက် ကျင်းပမည်

ရန်ကုန်  ၁၆ မေ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၁၉၊ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

 

ဒုတိယအဆင့်ပွဲစဉ်များကို မေ ၁၊ ၈၊ ၁၅ ရက်က ကျင်းပခဲ့ပြီး အသင်းခုနစ်သင်း တက်ရောက်လာကာ ကွာတားဖိုင်နယ်အဆင့်မှ တိုက်ရိုက်ကစားခွင့်ရထားသည့် ရန်ကုန်အသင်းအပါအဝင် စုစုပေါင်းရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ 

 

ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် မေ ၁၉ ရက်တွင် အောင်ဆန်းကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ရခိုင်အသင်းနှင့် မကွေးအသင်း၊ မေ ၂၀ ရက်တွင် အောင်ဆန်းကွင်း၌ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်း၊ သုဝဏ္ဏကွင်း၌ Southern အသင်းနှင့် လက်ရှိချန်ပီယံရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ကွာတားဖိုင်နယ်တက်ရောက်လာသည့် အသင်းများအနက် ရန်ကုန်အသင်းမှလွဲ၍ ကျန်အသင်းများမှာ ဒုတိယအဆင့်တွင် နိုင်ပွဲရယူပြီး တက်ရောက်လာခြင်းဖြစ်ကာ ပထမအဆင့်မှ တက်ရောက်လာသည့် အသင်းများမှာမူ ဒုတိယအဆင့်မှ ထွက်ခဲ့ရသည်။

 

ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲဖူးသည့်အသင်းများအနက် ဧရာဝတီအသင်းမှလွဲ၍ ရန်ကုန်၊ ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်လာပြီး ချန်ပီယံဆုမရဖူးသည့်အသင်းများအနက် ရခိုင်၊ ရတနာပုံ၊ စစ်ကိုင်းနှင့် Southern အသင်းတို့ တက်ရောက်လာသည်။ 

 

နာမည်ကြီးရတနာပုံအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုလေးကြိမ်ရဖူးသော်လည်း ရှုံးထွက်ပြိုင်ပွဲတွင် အမြင့်ဆုံးဒုတိယဆုသာရဖူးကာ ရှမ်းနှင့် ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသောကြောင့် ချန်ပီယံဆုရဖူးသည့်တစ်သင်းမှာ ကွာတားဖိုင်နယ်အဆင့်မှ စောစီးစွာ ထွက်ခွာရတော့မည်ဖြစ်သည်။

 

ကွာတားဖိုင်နယ် တွေ့ဆုံနေသည့်အသင်းများအနက် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်း၊ ရခိုင်နှင့် မကွေးအသင်းတို့မှာ အမှတ်ပေးပွဲ ပထမအကျော့တွင် သရေကျထားပြီး စစ်ကိုင်းက ရတနာပုံ၊ ရန်ကုန်က Southern အသင်းကို အနိုင်ရထားသည်။

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့မှာ မေ ၁၂ ရက်က ပြီးဆုံးသွားပြီဖြစ်သော်လည်း ကလပ်အသင်းများမှာ ရှုံးထွက်ပွဲများ ဆက်တိုက်ကစားနေရပြီး ဆီမီးဖိုင်နယ်အပြီးထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ကို မေ ၂၅၊ ၂၆ ရက်၊ ဒုတိယအကျော့ကို ဇွန် ၁၊ ၂ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

DSC_3