ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် စစ်ကိုင်းနှင့် Southern အသင်း ကွာတားဖိုင်နယ် တက်ရောက်

ရန်ကုန် ၁၅ မေ

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ စစ်ကိုင်းနှင့် Southern အသင်း ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့သည်။

 

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ဒဂုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အမှတ်ပေးပြိုင်ပွဲတွင် အသင်းကြီးများကို အနိုင်ကစားနေသည့် ဦးဇော်လင်းထွန်း ကိုင်တွယ်နေသည့် စစ်ကိုင်းအသင်းသည် ယခုရှုံးထွက်ပွဲတွင်လည်း နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ ပွဲများဆက်တိုက်ကစားနေရသည့် စစ်ကိုင်းအသင်းသည် ယခုပွဲတွင် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသော်လည်း နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးပြိုင်ပွဲတွင် ဇယားအောက်ဆုံးရောက်နေသည့် ဒဂုံအသင်းသည် ရှုံးထွက်ပြိုင်ပွဲတွင်လည်း ဒုတိယအဆင့်မှ ထွက်ခဲ့ရသည်။ 

 

စစ်ကိုင်းအသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး နိုင်ငံခြားသားတိုက်စစ်မှူး ဒိုနယ်ဝင်လာမှ တိုက်စစ်ကစားပုံ ပိုကောင်းလာခြင်းဖြစ်သည်။ ဒဂုံအသင်းမှာလည်း အမာခံကစားသမားအများစုဖြင့် ပွဲထွက်သော်လည်း ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသည်။ စစ်ကိုင်းအသင်းသည် ခြေအသာဖြင့် ဖိကစားနိုင်သော်လည်း ထိရောက်သည့် ဂိုးသွင်းခွင့် ဖန်တီးနိုင်ခြင်းမရှိခဲ့ပေ။ ဒိုနယ်ဝင်လာမှ စစ်ကိုင်းတိုက်စစ် ကစားပုံပိုကောင်းလာပြီး ၄၁ မိနစ်တွင် ထောင့်ကန်ဘောကို သန့်ဇင်ဝင်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း စစ်ကိုင်းအသင်းကသာ ပိုဖိကစားနိုင်ခဲ့ပြီး ဒဂုံအသင်းအနေဖြင့် ချေပဂိုးရရန် အပြောင်းအလဲပြုလုပ်သော်လည်း ကစားအားတက်လာမဘဲ ရုန်းကန်ခဲ့ရသည်။ စစ်ကိုင်းအသင်းသည် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်၍ ပထမပိုင်းတွင်သွင်းယူသည့် တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက ငွေကြယ်ပွင့်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းသည် ပုံစံကောင်းပြသပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ Southern အသင်းအတွက် အနိုင်ဂိုးများကို ၂၁ မိနစ်တွင် သူရမင်းနိုင်၊ ၃၅ မိနစ်တွင် သန်းဇော်မျိုး၊ ၄၃ မိနစ်တွင် စည်သူသန်းစိုး၊ ၆၁ မိနစ်တွင် ရှိုင်းသူရတို့က သွင်းယူခဲ့သည်။ ဒုတိယအဆင့်ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ပြီး ရတနာပုံနှင့် စစ်ကိုင်း၊ ရန်ကုန်နှင့် Southern၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ၊ မကွေးနှင့် ရခိုင်အသင်းတို့ တွေ့ဆုံနေသည်။

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်