ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

ကျောက်တလုံး မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)။ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ထားကိုးကွယ်သည့် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲကို မတ် ၄ ရက် နံနက်ပိုင်းက အဆိုပါ ဗိုလ်ပန္တကုန်းတော်၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီက သမ္မာဒေဝနတ်ဗြဟ္မာအား ပင့်ဖိတ်ပေးသည်။ ဆက်လက်၍ တောင်ကြီးမြို့၊ မူလမင်းကွန်း ကျောင်းတိုက် ဦးစီပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။

ထို့နောက် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဆရာတော် သံတော်များထံ ဆက်ကပ်ပေးကြပြီး ရွှေထီးတော်နှင့် ဘုံအဆင့်တို့ကို ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူဒါယကာများတို့က ဆရာတော်၊ သံဃာများအား ဆက်ကပ်ပေးကြသည်။

ယင်းနောက် တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိဆရာတော်ထံ ရေစက်ညွှန်း တရားနာယူ၍ အမျှပေးဝေကြပြီး ဗိုလ်ပန္တကုန်းတော် မဟာဝံသဗုဒ္ဓဂယာစေတီ စိန်ဖူးတော်နှင့် ရွှေထီးတော်များကို ဆရာတော်များ၊ အလှူဒါယကာများ၊ ဥပါသကာများထံ ပြန်လည်အပ်နှံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ PNO အထူးဒေသ(၆) အဖွဲ့ဥက္ကဋ္ဌ ဦးပီတာထွန်းနိုင်တို့က စိန်ဖူးတော်တို့ကို ပင့်ဆောင်၍ လည်းကောင်း၊ ကြာကလပ်နှင့်ပန်းလယ်တိုင်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ PNO အထူးဒေသ(၆) စစ်ကော်မတီ အတွင်းရေးမှူး၊ PNO ပါတီ အတွင်းရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူးတို့က ပင့်ဆောင်၍ လည်းကောင်း၊ ဌက်ပျောဖူးကို ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ထီးတော်အလှူရှင်တို့က ပင့်ဆောင်၍ လည်းကောင်း၊ အရံစေတီကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူဒါယကာများ၊ ဥပါသကာများက ပင့်ဆောင်၍ မဟာဝံသ ဗုဒ္ဓဂယာစေတီကို လက်ယာရစ် တစ်ပတ် ပင့်ဆောင်ပူဇော်ကြပြီး မင်္ဂလာကျရောက်ချိန်တွင် ရွှေထီးတော်ဘုံဆင့်များ၊ စိန်ဖူးတော်တို့ကို တင်လှူပူဇော်ပေးသည်။

မောင်မောင်သန်း(တောင်ကြီး)