ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်သို့ ပြည်ပမှ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ယမန်နှစ်က ကျပ်တစ်ဘီလီယံကျော် ရရှိခဲ့

ရန်ကုန် ၂၅  ဇွန်

 

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်နှင့် ဗိုလ်တထောင်စေတီတော်သို့ ပြည်ပမှ ဘုရားဖူး ဧည့်သည်များနှင့် နိုင်ငံခြားသား လေ့လာသူများ နှစ်စဉ်လာရောက်ကြလျက်ရှိရာ ယခုလို မိုးရာသီကာလ၌ပင် ဘုရားဖူးများ ဝင်ရောက်လျက်ရှိပြီး ထိုသို့ လာရောက် ဖူးမြော်သော ဘုရားဖူးများတွင် ထိုင်းနိုင်ငံမှ အများဆုံးလာရောက်လျက်ရှိရာ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်သို့ ယမန်နှစ်က ဘုရားဖူး လာရောက်သောဝင်ငွေသည် ကျပ်တစ်ဘီလီယံကျော် ရရှိကြောင်း သိရသည်။

 

“အောက်တိုဘာကနေ ဇန်နဝါရီလက ခရီးသွားရာသီဖြစ်တဲ့အတွက် ဘုရားဖူး ပိုပြီးဝင်ရောက်တတ်ပါတယ်။ အခုမိုးရာသီမှာလည်း ထိုင်းနိုင်ငံမှ ဘုရားဖူးတွေ တဖွဲဖွဲ ဝင်နေတာပါ။ ပွင့်လင်းရာသီလောက်တော့ မများဘူးပေါ့။ ရုံးပိတ်ရက်ဆိုရင် ပိုများတယ်။ ဇန်နဝါရီမှာ ၂၂၀ဝ၀၊ ဖေဖော်ဝါရီမှာ ၂၀၂၀ဝ၊ မတ်လမှာ ၂၁၅၉၅ ဦး၊ ဧပြီလမှာ ၁၃၂၆၇ ဦး၊ မေလမှာ ၂၂၈၅၇ ဦး စေတီတော်ကို ဝင်ရောက်ပါတယ်။ ခရီးသွားရာသီဆိုရင် တစ်ရက်ကို နိုင်ငံခြားခရီးသွား တစ်ထောင်နီးပါး လာလေ့ရှိပါတယ်။ တစ်ဦးကိုကျပ် ၆၀ဝ၀ ကျပ် ကောက်ခံပြီးတော့ ရေသန့်၊ စနိုးတာဝါ ဝန်ဆောင်မှုပေးပြီး ကင်မရာအခွန် ဆောင်စရာမလိုပါဘူး။ နောက်ဆိုရင် နိုင်ငံခြားခရီးသွားတွေအတွက် မန္တလေးမဟာ မြတ်မုနိက သန့်စင်ခန်းတွေလို ရာဟုထောင့်မှာ သီးသန့်တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။ ယမန်နှစ်က နိုင်ငံခြားသား လာရောက်တဲ့ ဝင်ငွေကကျပ် ကျပ်တစ်ဘီလီယံကျော် ရရှိခဲ့ပါတယ်” ဟု ဗိုလ်တထောင်စေတီ ဂေါပကရုံးမှ ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းက ပြောကြားသည်။

 

ယခုဇွန်လတွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ ငါးထောင်ကျော်ပြီဖြစ်ရာ ငွေကျပ် သိန်းပေါင်းသုံးထောင်ကျော် စေတီတော်မြတ်အတွက် ရရှိလျက်ရှိပြီး ယမန်နှစ် မေလထိ ပြည်ပခရီးသွား ၁၂၀ဝ၀ ဦးရေ ဝင်ရောက်ခဲ့ရာမှ ယခုနှစ် မေလထိ ၂၂၀ဝ၀ ကျော် ဝင်ရောက်လျက်ရှိရာ ဘုရားဖူခရီးသွား ပိုမိုဝင်ရောက်လာလျက်ရှိကြောင်း ဂေါပကရုံးမှ သိရသည်။

 

ဗိုလ်တထောင်စေတီတော်မြတ်သို့ ထိုင်းနိုင်ငံသား ဘုရားဖူးများ အများဆုံး ဝင်ရောက်လျက်ရှိပြီး ဗိုလ်တထောင် ဘိုးဘိုးကြီးနှင့် မြနန်းနွယ်ကို လာရောက်ဆုတောင်းသူ ပို၍များကာ ထိုင်းနိုင်ငံမှ အကြီးအကဲများ လာရောက်ကြသည့် အပြင် မြန်မာနိုင်ငံမှ အမည်ပေးထားသော ဝမ်းဘတ်မင်းသားနှင့် ထိုင်းနိုင်ငံမှ ဘောလုံး ကလပ်အသင်းများလည်း ဗိုလ်တထောင် စေတီတော်မြတ်သို့ ယမန်နှစ်က လာရောက် ဖူးမြော်ဆုတောင်းခဲ့ကြောင်းနှင့် တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားဘုရားဖူးများနှင့် ဥရောပနိုင်ငံများမှ လာရောက်လေ့လာကြလျက်ရှိရာ ထိုသို့လေ့လာသော နိုင်ငံများတွင်လည်း ဂျာမနီနိုင်ငံမှ ခရီးသွားများ အများဆုံးဖြစ်ကြောင်း သိရသည်။

 

သတင်း- သန်းထိုက်