ဗိုင်းရပ်စ်ပိုးကူးစက်မှုမှ ကာကွယ်ရန် ရွှေဖြင့်ပြုလုပ်ထားတဲ့ မျက်နှာဖုံးဝတ်ဆင်သူ အိန္ဒိယနိုင်ငံသား လုပ်ငန်းရှင်

၅ ဇူလိုင်

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် အမေရိကန်ဒေါ်လာ ၄,၀၀၀ တန် ရွှေဖြင့် ပြုလုပ်ထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဗိုင်းရပ်စ်ပိုးမကူးအောင် လုပ်ဆောင်ထားကြောင်း စီးပွားရေးလုပ်ငန်းရှင် ရှန်ကာ ကုဟာဒီက ပြောပါတယ်။

 

မျက်နှာဖုံး အလေးချိန်ဟာ ရွှေနှစ်အောင်စရှိပြီး ပန်းတိမ်ဆရာတွေက မျက်နှာဖုံးပြုလုပ်ရန် ၈ ရက် အချိန်ယူကြောင်း သိရပါတယ်။

 

မျက်နှာဖုံးမှာ အသက်ကောင်းကောင်းရှုနိုင်အောင် အပေါက်ငယ်လေးတွေ ပါရှိပြီး ပါးလွှာသောရွှေပြားနဲ့ လုပ်ထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ကာကွယ်နိုင်မလား၊ မကာကွယ်နိုင်ဘူးလားဆိုတာကို မသိကြောင်း၊ ဒါပေမယ့် တခြားသတိပေးချက်တွေကိုလည်း လိုက်နာကြောင်း စီးပွားရေးလုပ်ငန်းရှင် ကုဟာဒီက ပြောပါတယ်။

 

အသက် ၄၉ နှစ်အရွယ် ကုဟာဒီဟာ ရွှေကို နှစ်သက်သူဖြစ်ပြီး ရွှေအလေးချိန် တစ်ကီဂရမ်ကို လက်ကောက်၊ ဆွဲကြိုးနဲ့ ညာဘက်လက်ရှိ လက်ချောင်းတိုင်းမှာ ရွှေလက်စွပ်တွေ ဝတ်ဆင်ထားကြောင်း သိရပါတယ်။

 

ကုဟာဒီမှာ ဒိုင်းထုတ်လုပ်တဲ့ ကုမ္ပဏီရှိပြီး သတင်းတစ်ပုဒ်မှာ အမျိုးသားတစ်ဦးဟာ ငွေနဲ့ပြုလုပ်ထားတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားကြောင်း ဖတ်လိုက်ရတဲ့အတွက် ရွှေနဲ့ မျက်နှာဖုံးလုပ်ပြီး ဝတ်ဆင်ရန် အကြံရကြောင်း ပြောပါတယ်။

 

ရွှေမျက်နှာဖုံးဝတ်ဆင်ပြီး ဈေးတွေထဲသွားတဲ့အခါ သူနဲ့ selfie ရိုက်ဖို့ခွင့်တောင်းကြကြောင်း ဆက်ပြောပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၇၄,၅၁၁ ဦီးရှိပြီး သေဆုံးသူ ၁၉,၂၇၉ ဦးရှိတဲ့အတွက် လူမြင်ကွင်းမှာ မျက်နှာဖုံးဟာ ဝတ်ကိုဝတ်ဆင်ရမယ့် ပစ္စည်းဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ထားပါတယ်။

 

MDN

ကိုးကား - AFP