ဗန်းမောက်-ပင်လည်ဘူးလမ်းပိုင်းပေါ်ရှိ ပင်းခါးချောင်းကြီး ချောင်းကူးတံတား တည်ဆောက်ရန် ပန္နက်တင်

ဗန်းမောက်၊  ၁၈   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပင်လည်ဘူး မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ ပင်ပုံကျေးရွာနှင့် ပင်းခါးကျေးရွာကြား ချောင်းကြီးချောင်း အဝေရာတံတား နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပန္နက်တင်အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ရဲတပ်မှူး ရဲမှူးဇော်မျိုးဝင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူးမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့် မြို့နယ်ဌာဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်ထားသောနေရာများ၌ ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တံတားချဉ်ကပ်လမ်းအတွက် မြေနေရာများ လိုက်လံကြည်ရှု စစ်ဆေးပေးခဲ့ကြသည်။ အဆိုပါ ချောင်းကြီးချောင်းမှာ မိုးတွင်းကာလတွင် တောင်ကျရေများကြောင့် ရေကြီးခြင်း ဖြစ်ပေါ်လာပါက မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် အခက်အခဲများစွာတွေ့ကြုံရပြီး ဆိုင်ကယ်များကူးရန်သာ အဆင်ပြေခဲ့သဖြင့် တံတားကြီးတည်ဆောက်ပြီးစီးသွားပါက တန် ၃၀ အထိ ခံနိုင်ဝန်အား ရှိမည်ဖြစ်သည်။

 

အဆိုပါတံတားသည် ရာသီမရွေး ဖြတ်သန်းသွားနိုင်မည့်အပြင် တံတားပြီးစီးသွားပါက ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး မြို့နယ်ချင်း ဆက်စပ်လျက်ရှိသည့် ပင်လယ်ဘူးမြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။

 

ဗန်းမောက်-ပင်လည်ဘူးလမ်းပိုင်းပေါ်ရှိ ပင်ပုံကျေးရွာနှင့် ပင်းခါးကျေးရွာကြား ချောင်းကြီးအဝေရာ တံတားအရှည်ပေ ၂၀၀၊ အကျယ် ၁၄ ပေ၊ တံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ပြည်ထောင်စု) ရန်ပုံငွေ (၄၇၉ ဒသမ ၀၀၀) သန်းဖြင့် တင်ဒါအောင်မြင်သည့် သမာဓိကောင်းသာကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(ဗန်းမောက်)