ဗန်းမောက်မြို့နယ် နန့်ခေါင်ဟူး ကြိုးဝိုင်းအတွင်းမှ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ ဖမ်းမိ

ကသာ ၃၁ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ နန့်ခေါင်ဟူးကြိုးဝိုင်း အတွင်းမှ တရားမဝင် ကျွန်းသစ်လုံး၊ ကျွန်းခွဲသားနှင့် သစ်ခွဲစက်တစ်လုံး ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကသာခရိုင် သစ်တောအဖွဲ့နှင့် ဗန်းမောက်မြို့နယ် သစ်တောအဖွဲ့တို့ ပူးပေါင်းပြီး သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်း၊ အကွက်အမှတ် (၃၉) အတွင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးရာ တရားမဝင် ကျွန်းသစ်လုံး ၃၁ လုံး၊ ၈ ဒသမ  ၈၈၈  တန်၊ ကျွန်းခွဲသား ၁၂၃ ချောင်း၊ ၁ ဒသမ ၇၂၁၀ တန်၊ စုစုပေါင်း (၁၀ ဒသမ ၆၀၉၀ တန်)၊ စုစုပေါင်း ကာလတန်ဖိုး (၁၉၅၅၅၉၀) ကျပ်ဖိုးနှင့် သစ်ခွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင် သစ်ခွဲစက် ပြုလုပ်သူ ရန်အောင် (ခ) ရာမင်း၊ လွှစင်ကုန်းရပ်ကွက်၊ ဗန်းမောက်မြို့နေသူအား ဗန်းမောက်မြို့ရဲစခန်းမှ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)