ဗန်းမောက်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေပိသေဆုံး

ဗန်းမောက် ၂ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အနောက်တောကျေးရွာအနီး ရွှေတွင်းဟောင်းတွင် ရွှေတူးရာမှ အမျိုးသားတစ်ဦး မြေပိသေဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ဗန်းမောက်မြို့နယ်၊ မံစီကြီးနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ဇော်လင်းထွန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် လူတစ်ဦးမြေပိသေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုရာ၊ ပင်လည်ဘူးမြို့နယ်၊ အောက်စုကျေးရွာနေ ဝင်းလှိုင်ဆိုသူသည် သူငယ်ချင်းများနှင့်အတူ ဗန်းမောက်မြို့နယ်၊အနောက်တောကျေးရွာအနီးရှိ အကျယ်(၇၅)ပေ၊ အမြင့်(၃၀)ပေရှိသော ဝှေပုံရွှေမှော်ဟောင်းနေရာတွင် ရွှေတူးဖော်ရာမှ မြေပိသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)