ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

 

ဆရာကြည်

 

(၄-၄-၂၀၂၃ ရက်နေ့မှအဆက်)

 

ဘုရားထံသို့လာကြသော သူဌေးကြီးသုံးဦး အကြောင်း

 

ကောသမ္ဗီပြည်၌ တန်ခိုးအလွန်ကြီးမားသော ဥတေနမင်းကြီး အုပ်ချုပ်စဉ်အခါက အလွန်ချမ်းသာ ကြွယ်ဝသော    သူဌေးကြီးသုံးဦးရှိသည်။    ၎င်းတို့ အမည်မှာ (၁) ဃောသက၊ (၂) ကုက္ကုဋ၊ (၃) ပါဝါရိက တို့ဖြစ်ကြသည်။ ၎င်းသူဌေးသုံးဦးသည် သူငယ်ချင်းဖြစ်၍  တစ်ဦးကိုတစ်ဦး  အလွန် ချစ်ခင်ကြသည်။ ၎င်းတို့သုံးဦးသည်    (ဘုရားရှင် မပွင့်မီ)   ကာလ၌ ရသေ့ငါးရာကို လှူဒါန်းပြုစုထားလေသည်။ ရသေ့တို့သည် မိုးလေးလ၌ ယင်းသူဌေးကြီးသုံးဦးတို့ထံတွင်  နေကြပြီး  ကျန်ရှစ်လ၌  ဟိမဝန္တာသို့သွား၍ နေကြလေသည်။

ဤသို့ဖြင့်   ရသေ့တို့သည်   နှစ်ပေါင်းကြာမြင့်စွာ ကောသမ္ဗီပြည်နှင့်  ဟိမဝန္တာသို့  လူးလာခေါက်ပြန် သွားနေသည်။ ဤသို့သွားနေရာ၌ တစ်နေ့သောအခါ  ရသေ့ငါးရာတို့သည် ဟိမဝန္တာမှ ကောသမ္ဗီပြည်သို့လာစဉ်  ခရီးကန္တာရအဆုံ၌ ညောင်ပင်ကြီးတစ်ပင်ကို တွေ့သည်။ ၎င်းတို့သည်  မောပန်း၍  ရေငတ်နေကြပါသည်။ ၎င်းတို့သည် ယင်းညောင်ပင်ကြီးကို တွေ့သောအခါ ရုက္ခစိုးနတ်မင်းရှိရမည်။  ထိုနတ်မင်းမှ သူတို့အား သောက်ရေသုံးရေပေးပါမူ ကောင်းလေစွဟု ကြံစည်စိတ်ကူးမိကြလေသည်။ ထိုအခါ နတ်မင်း (ညောင်ပင်စောင့်) သည်၎င်းတို့၏အကြံ အစည်ကိုသိ၍ ညောင်ခွကြားမှ ရေများယိုစီးစေသည်။

ရသေ့တို့သည် ညောင်ပင်ခွကြားမှကျသော ရေတို့ကို ခံပြီးသောက်ကြသည်။ ထို့နောက် ရသေ့တို့သည် ဤနေရာက ရွာနှင့် မနီးမဝေးဖြစ်နေသည်။ အစားအသောက်များကို ပေးလှူပါက ကောင်းလေစွဟု ကြံကြပြန်သည်။ နတ်မင်းကလည်း ဘောဇဉ်တို့ကို ပေးကပ်လှူဒါန်းသည်။ ဘောဇဉ်များကို စားသောက်ပြီးနောက် ရသေ့တို့သည် နတ်မင်းတို့ ကိုယ်ထင်ပြပါမူ ကောင်းလေစွဟု ကြံစည်ကြပြန်သည်။ နတ်မင်းလည်း ကိုယ်ထင်ပြလေသည်။ ရသေ့တို့သည် ကိုယ်ထင်ပြသော နတ်မင်းအား နတ်မင်းနေသည့်စည်းစိမ်ကား ကြီးမားလှပါတကား ဟူ၍ ချီးကျူးကြလေသည်။ ဤသို့သော ကြီးကျယ် ခမ်းနားသည့်စည်းစိမ်ကို ဘယ်သို့သောကံကြောင့် ရပါသလဲဟူ၍ မေးလေသည်။

နတ်မင်းကလည်း သာဝတ္ထိပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အလွန်ကြည်ညို သော အနာထပိဏ်သူဌေးအိမ်တွင် ဆင်းရဲသား လုပ်သားတစ်ဦးဖြစ်ခဲ့ဖူးကြောင်း၊ တစ်နေ့ ဥပုသ်နေ့ တွင် သူဌေးကြီးနှင့် ကျွန်အားလုံးသည် ဥပုသ်စောင့် နေကြသည်။ သူသည် တောထဲ အလုပ်လုပ်ရာမှ ပြန်လာခဲ့ရာ ၎င်းတို့ ဤသို့လုပ်နေသည်ကိုသိရ၍ သူလည်း ထမင်းမစားဘဲ နေ့ဝက်ဥပုသ်စောင့်သည်။ အစာမရှိ၍ လေပူများထကာ ရောဂါခံရပြီး သေဆုံးခဲ့ကြောင်း၊ ဤသို့ အနည်းငယ်သော ဥပုသ် စောင့်ခြင်း၏ ကုသိုလ်ကံဖြင့် ဤစည်းစိမ်ကို ခံစား ရကြောင်း ပြန်ပြောလေသည်။

ရသေ့တို့က နတ်မင်းအား ဘုရား၊ တရား၊ သံဃာဟုဆိုသည့်စကားကြောင့် ဤလောက၌ ဘုရားပွင့်တော်မူပြီလားဟူ၍ မေးလေသည်။ နတ်မင်းကလည်း ဘုရားရှင်သည် ယခုသာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေ သည်ဖြစ်ကြောင်း ပြောပြသည်။

ရသေ့တို့သည် ဝမ်းသာအားရဖြစ်ပြီး ဘုရားထံ သို့သွားမည်ဟု ဆုံးဖြတ်ကြကာ ကောသမ္ဗီပြည်သို့ သွားလေသည်။ သူတို့သည် သူတို့၏ ကျေးဇူးရှင် ဖြစ်သည့် သူဌေးကြီးသုံးဦးထံသို့ သတင်းပို့ပြီးမှ သွားမည်ပြု၍ သူဌေးကြီးများထံသို့ သွားကြလေသည်။ သူဌေးကြီးသုံးဦးကလည်း ရသေ့များအား ခရီးဦးကြိုပြုပြီး နောက်တစ်နေ့နံနက်၌ ဆွမ်းကပ်လေသည်။

ဆွမ်းစားပြီးသောအခါ သူဌေးကြီးတို့သုံးဦး အား ဤလောက၌ ဘုရားပွင့်ပြီဖြစ်ကြောင်း၊ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေသည်ကိုသိ၍ သူတို့သွားကြမည်ဖြစ်ကြောင်း ပြောလေသည်။ သူဌေးကြီးသုံးဦးကလည်း သူတို့ လည်းလိုက်လိုကြောင်းပြောသော် ရသေ့များက သူတို့ရှေ့က သွားရောက်ဖူးမြော်မည်။ နောက်မှ ဆက်လိုက်လာရန် ပြောကြားလေသည်။

ရသေ့တို့သည် ဘုရားထံသို့ သွားကြသည်။ ဘုရား၏ တရားတော်ကို နာကြားပြီး ၎င်းတို့အားလုံး ရဟန္တာဖြစ်သွားကြသည်။ သူဌေးကြီးသုံးဦးကလည်း လှူဖွယ်ပစ္စည်းများကို လှည်းပေါ်တင်၍ ဘုရားထံသို့လာကြသည်။ သူတို့လည်း ဘုရားထံသို့ရောက်သော် တရားနာပြီး သောတာပန်များ ဖြစ်သွားကြလေသည်။ သူတို့သည် နောက်တစ်နေ့၌ ၁၅ ရက်တိုင် ဘုရားရှင်နှင့်တကွ သံဃာတော်များ အား ဆွမ်းကပ်ကြလေသည်။ ၎င်းတို့သုံးဦးကလည်း ဘုရားရှင်အား ကြည်ညိုလှသဖြင့် သူတို့နေသော ပြည်သို့ ကြွရောက်ပါရန် လျှောက်ကြလေသည်။ ဘုရားရှင်က သူတို့အား ဘုရားရှင်တို့မည်သည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်သည်ဖြစ်ကြောင်း မိန့်ကြားသည်။ ၎င်းတို့ကလည်း သူတို့သိပြီဖြစ်ကြောင်း သာဝတ္ထိပြည်မှ ထွက်လာကြလေသည်။ တစ်ယူဇနာ ရောက်တိုင်း ကျောင်းဆောင်တစ်ဆောင်စီ ဆောက်လုပ်၍ ကောသမ္ဗီပြည်သို့ ပြန်သွားကြသည်။

သူဌေးသုံးဦးတို့သည် ဤလောက၌ ဘုရားရှင် ပွင့်ပြီဟူ၍ပြောပြီး သူတို့၏ဥယျာဉ်အသီးသီးတွင် ကျောင်းတိုက်ကြီးသုံးတိုက် ပစ္စည်းဥစ္စာများ အကုန်ခံကာ ဆောက်လုပ်သည်။ ဤသို့ဖြင့် ဆောက်လုပ်သူ သူဌေးများ၏ အမည်ကို အစွဲပြုပြီး “ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံဟူ၍ အမည်ပေးလေသည်။ သူတို့သည် ယင်းကျောင်းတိုက်များ ဆောက်လုပ် ပြီးစီးသောအခါ ကောသမ္ဗီပြည်သို့ ဘုရားရှင် ကြွရောက်ချီးမြှင့်ပေးရန် ဘုရားထံသို့ တမန်လွှတ်၍ ပင့်လျှောက်ထားလေသည်။

 

မာဂဏ္ဍီပုဏ္ဏားလင်မယား ရဟန်းပြုခြင်း

 

ဘုရားရှင်သည် ကောသမ္ဗီပြည်မှ သူဌေးကြီး သုံးဦး၏ ပင့်ဖိတ်ချက်အရ ဤပြည်သို့ ရဟန်း အပေါင်းခြံရံလျက် ကြွတော်မူသည်။ ဤသို့ကြွမြန်း တော်မူစဉ် လမ်းခရီးကြား၌ မာဂဏ္ဍီ ပုဏ္ဏား လင်မယားကိုတွေ့သည်။ ၎င်းတို့ အရဟတ္တဖိုလ် ရအံ့ကို မြင်လေသည်။ ထိုအခါ ဘုရားရှင်သည် ခရီးစဉ်ပြောင်း၍ ကုရုတိုင်း “ကမ္မာသဒမ္မ နိဂုံးသို့ ကြွတော်မူသည်။

ထိုနိဂုံးရွာမှ မာဂဏ္ဍီယမည်သော ပုဏ္ဏားတွင် နတ်သမီးတမျှ လှပသော “မာဂဏ္ဍီ အမည်ရှိ သမီးပျို တစ်ဦးရှိသည်။ မိဘနှစ်ပါးသည် သူတို့သမီးနှင့်သင့်တော်သည့် လင်ယောက်ျားရှာလျက် လှည့်လည်ကာနေခဲ့သည်။ မာဂဏ္ဍီယမည်သော ပုဏ္ဏားကြီးသည် ညဉ့်ဦးယံ သုံးယံစလုံးတွင် ရွာအပြင်ထွက်၍ မီးပူဇော်လျက်ရှိသည်။ ဤမီး ပူဇော်ခြင်းပြီးသော် ရွာထဲသို့ ပြန်ဝင်လာသည်။ ဤသို့အချိန်နှင့် ဘုရားရှင်နှင့် ဆုံတွေ့လေသည်။ ၎င်းသည် သူ့သမီးနှင့် သင့်တော်သောယောက်ျားကို ရှာသည်။ အချိန်ကြာမြင့်ခဲ့လေသည်။ ဤသို့ဣန္ဒြေ လည်းရှိ၊ လှပသောရဟန်းပျိုနှင့် သူ့သမီးနှင့် သင့်တော်ပေစွဟု စိတ်တွင်ကြံပြီး အိမ်သို့ ပုဏ္ဏား ကြီးပြန်လာခဲ့သည်။ (၎င်းသည် ပရိဗိုဇ်ရဟန်းအနွယ် ဆင်းသက်လာသူဖြစ်သောကြောင့် သမီးနှင့်ပေးစား လိုခြင်းဖြစ်ပါသည်။)

အိမ်သို့ရောက်သောအခါ ပုဏ္ဏားကြီးသည် ဤလူ့ခွင်၌ မမြင်စဖူး တင့်တယ်လှပသော ဗြဟ္မဏ ဇာတ်ရဟန်းသူကို တွေ့ကြောင်း၊ သမီးကို တန်ဆာဆင်ပြီး ထိုသူနှင့် ဆောင်နှင်းရအောင် ခေါ်၍သွားကြ လေသည်။ ပုဏ္ဏားမကလည်း သမီးကိုတန်ဆာဆင်၍ ပုဏ္ဏားကြီးနှင့်အတူ လိုက်လာလေသည်။ ဘုရားရှင် သည် ၎င်းနှင့်တွေ့သောအရပ်တွင် ခြေရာတော်သာ ချထားခဲ့ပြီး ရွာတွင် ဆွမ်းခံကြွတော်မူသည်။ ထို့နောက် ၎င်းတို့သည် ဘုရားနှင့်မတွေ့ဘဲ ခြေရာ တော်ကိုသာ တွေ့ရသည်။ ဤခြေရာတော်ကို ပုဏ္ဏားကြီးက သူ့ဇနီးပုဏ္ဏားမကြီးအား ပြသလေသည်။ သူတွေ့သူကား ဤခြေရာပိုင်ရှင်ဖြစ်ကြောင်း ပြောကြားလေသည်။

ပုဏ္ဏားမကြီးကလည်း ခြေရာတော်ကို တွေ့လျှင် ဤခြေရာကား ရာဂဒေါသကိလေသာ ကုန်ခန်းသော ဘုရားရှင်တို့၏ ခြေရာဖြစ်သည်။ သူ့ခင်ပွန်းအား မိုက်မဲကြောင်း နှိမ့်ချစကားကို ပြောလေသည်။ ဤသို့မကြံသင့်ကြောင်း ပြောသည်။ သူ့ဇနီးနှင့် ဤသို့စကားများ အချေအတင်ပြောနေ ကြစဉ် ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ပုဏ္ဏားကြီးမြင်ရာအရပ်၌ ရပ်တော်မူလေသည်။ ပုဏ္ဏားကြီးသည် သူ့ဇနီးပုဏ္ဏားမကြီးကိုဟောက်ပြီး သူတွေ့လိုသော ပုဂ္ဂိုလ်သည် ဤသူဟုပြော၍ ဘုရားရှင်နားသို့ကပ်လျက် အစောကပင် သင့်ကို စောင့်ကြောင်း၊ ဤဇမ္ဗူဒိပ်ကျွန်းတွင် သူ့သမီးနှင့် တူသော ရုပ်အဆင်းလှပသူမရှိကြောင်း၊ သူ့သမီးကို လုပ်ကျွေးပြုစုသူအဖြစ်ယူပါဟု ဘုရားရှင်အား အပ်လေသည်။

ဘုရားရှင်သည် ပုဏ္ဏားကြီး သံဝေဂရစေလိုသဖြင့် မာရ်နတ်၏ သမီးသုံးယောက်ကို မြင်လျှင်ပင် မေထုန်မှုမဖြစ်ခဲ့ကြောင်း၊ သူ့ကို ဖြားယောင်းသော်လည်း မလိုက်လျောပါကြောင်း၊ ယခုသင်၏ သမီးသည် ရွံရှာဖွယ် ကျင်ကြီး၊ ကျင်ငယ်တို့ပြည့်သော ဤသို့မိန်းမကို ခြေဖျားဖြင့် မထိ၊ ရက်ရက်စက်စက် ဘုရားရှင်က မိန့်တော်မူလေသည်။

 ထိုစကားမိန့်ကြားချက်ကို ပုဏ္ဏားကြီး၏ သမီးကြားသော် သူ့အားဤသို့ဆိုထားသောသူကို သူအထွတ်အထိပ်သို့ရောက်လျှင် နှိပ်စက်ဖျက်ဆီးမည်ဟု ရန်ငြိုးထားလေသည်။

ထိုပုဏ္ဏားနှစ်ဦးလင်မယားသည် ဘုရား၏ တရားတော်ကို နာကြားပြီး အနာဂါမ်ဖြစ်လေသော် သူတို့၏သမီး မာဂဏ္ဍီကို ဘထွေးတော်ဖြစ်သူ စူဠမာဂဏ္ဍီထံ၌ အပ်ထားခဲ့လေသည်။ သူတို့လည်း တရားများကို ထပ်မံပွားများ၍ ရဟန်းပြုကြလေသည်။ ဤသို့ဖြင့် ပုဏ္ဏားလင်မယားသည် ရဟန္တာ ဖြစ်သွားကြလေသည်။

များမကြာမီတွင် မာဂဏ္ဍီသည်လည်း ကောသမ္ဗီ ပြည့်ရှင်ဘုရင်မင်းမြတ်၏ မိဖုရားကြီးဖြစ်ပြီး အခြံအရံမောင်းမငါးရာတို့နှင့်တကွ အဆောင်သော ပြာသာဒ်တွင် စည်းစိမ်ခံစားတော်မူလေသည်။

(ဆက်လက်ဖော်ပြပါမည်)