ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း

 

ဆရာကြည်

(၂၄-၃-၂၀၂၄ ရက်နေ့မှအဆက်)

ထိုအခါ သိကြားမင်းသည် နတ်သားအားလုံးကိုခေါ်၍ ညဘက်တွင် ဘုရားရှင်သီတင်းသုံးသော ဇေတဝန် ကျောင်းတော်သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့်သွားကြ၍ တစ်ကျောင်းလုံး လင်းထိန်သွားပေသည်။ ထို့နောက် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဤလေးပါးပြဿနာကို မေးလျှောက်ကြလေသည်။ ဘုရားရှင်ကလည်း သိကြားမင်း ငါဘုရား ပါရမီတော်ဖြည့်ကျင့်တော်မူပြီး သင်တို့ကဲ့သို့သောသူများ၏ ယုံမှားသံသယကို ပယ်ဖျောက် နိုင်ရန်ပင် သဗ္ဗညုတရခဲ့ပြီး ဤသင်တို့မေးသော ပြဿနာလေးပါးကို ဖြေကြားပါအံ့ဟုဆိုပြီး အောက်ပါအတိုင်း ဖြေလေးပါးကို ဟောကြား တော်မူလေသည်။

(၁) အလှူခံအားလုံးတွင် တရားအလှူ (ဓမ္မဒါန) သည် အမြတ်ဆုံးဖြစ်၏။

(၂) အရသာအားလုံးတွင် တရားအရသာသည် အမြတ်ဆုံးဖြစ်၏။

(၃) မွေ့လျော်ခြင်းအားလုံးတွင် တရား၌ မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။

(၄)  တဏှာတို့ ကုန်ခန်းခြင်းဖြစ်သော အရဟတ္တ ဖိုလ်သည် ဒုက္ခတို့ကို ငြိမ်းခြင်း၊ ကုန်ခန်းခြင်း သို့ ရောက်စေတတ်သောကြောင့် အမြတ်ဆုံး ဖြစ်၏ဟု စကားပြေဂါထာနှစ်မျိုးဖြင့် ဖြေကြားလေသည်။

ထိုသို့သော တရားဒေသနာကို ဘုရားရှင်ထံမှ ကြားနာပြီးသောအခါ သိကြားမင်းသည် “မြတ်စွာဘုရား တရားအလှူသည် အမြတ်ဆုံးဖြစ်ပါလျက် တပည့်တော်တို့အား ဓမ္မဒါနကုသိုလ်အဖို့ကို မည်သို့ အကြောင်းကြောင့် ပေးသနားတော်မမူပါသနည်း” ဟူ၍ လျှောက်ထားလေသည်။ သိကြားမင်းကလည်း “ဤအချိန်မှစ၍ ရဟန်းသံဃာတို့ တရားဟောပြီးသောအခါ ထိုဓမ္မဒါနကို တပည့်တော်တို့အား ပေးစေတော် မူပါဘုရား”ဟု တောင်းပန်လျှောက် ထားလေသည်။

ဘုရားရှင်သည် အစည်းအဝေးခေါ်ပြီး ရဟန်းတို့အား ယနေ့မှစ၍ တရားဟောပြီးသောအခါ သတ္တဝါတို့အား ဓမ္မဒါန “ဓမ္မဒါန ကုသိုလ်အဖို့” ပေးဝေကြရန် မိန့်တော်မူလေသည်။

 

အာဠဝီမင်းနှင့် အာဠာဝကဘီလူးအကြောင်း

 

အာဠဝီမင်းသည် တောလိုက်ဝါသနာပါသည်။ တစ်နေ့သ၌၎င်းသည် မှူးမတ်များ ခြံရံလျက် တောလိုက် ထွက်လေသည်။ မိမိဘက်မှ သမင်လွတ် ထွက်သွားလျှင် မိမိတာဝန်သာဟု ပြောဆို၍ မှူးမတ်များနှင့် တောလိုက်ထွက်လာလေသည်။

ထိုအခါ ဧဏီမည်သောသားကောင်သည် မိမိဘက်မှ ထွက်ပြေးလေသည်။ ဘုရင်ကြီးသည် ၎င်းနောက်သို့ အတင်းလိုက်ရာ သုံးယူဇနာရောက်သော အခါ မောနေသောသားကောင်ကိုမီ၍ လေးဖြင့်ပစ်သတ်ရာ နှစ်ပိုင်းပိုင်းပြီး ယူလာလေသည်။ မြို့နှင့် မနီးမဝေး “အာဠာဝက” ဘီလူးနေသော ဗိမာန်သို့ ရောက်သည်။ အရိပ်ကောင်း၍ ခိုနားလေသည်။ ထိုအခါ မင်းကြီးအား တွေ့၍ ချဉ်းကပ်လာလေသည်။

မင်းကြီးသည် ဘီလူးအား ကြောက်လန့်၍ “တစ်နေ့တာစားနေခြင်းထက် နေ့ရက်ရှည်ကြာစွာ စားလိုပါလား ကျွန်ုပ်သည် အာဠဝီပြည့်ရှင်ဖြစ်၏။ ယနေ့ အသင်ဘီလူးက သမင်သားကိုစားပါ၊ ငါ့ကို လွှတ်ပေးလျှင် သင့်ထံသို့ လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်သင့်ထံသို့ ပို့ပေးအံ့”ဟူ၍ ပြောလေသည်။ အာဠာဝကဘီလူးက “သင်မင်းကြီးသည် သင့်နန်းစည်းစိမ်သို့ ပြန်ရောက်လျှင်မေ့သွားမည်။ ငါသည် မိမိဗိမာန်သို့ မကပ်သူကိုလည်းကောင်း၊ ကျေနပ်စွာ ခွင့်မပြုသူကိုလည်းကောင်း ငါမစားနိုင်။ သင်မင်းကြီးဆိုသည့်အတိုင်း လူပို့မလွှတ်သော် ငါဘယ်သို့ပြုနိုင်ပါနည်း”ဟု ဆိုလေသည်။ ထိုအခါ မင်းကြီးက “ဤကတိကို ကျွန်ုပ်ပျောက်ကွယ်ခဲ့သော် သင်ငါ့နန်းတော်သို့လာ၍ ငါ့အား ဖမ်းစားလော့” ဟူ၍ ဆိုလေသည်။ ဘီလူးကလည်း မင်းကြီး ကတိပေးသည်ကို ကျေနပ်၍ မင်းကြီးအား ပြန်ခွင့်ပြုလိုက်လေသည်။

မင်းကြီးသည် မိမိနန်းတော်သို့ ပြန်ရောက်သည့်အခါ မြို့ဝန်ခေါ်၍ သူပြုခဲ့သည့်ကတိကို ပြောပြပြီး ဆောင်ရွက်ပေးရန် မိန့်မှာသည်။ လျှို့ဝှက်စွာပြောဆိုခဲ့ပါသည်။ မြို့ဝန်က မင်းကြီးအား အရှင်မင်းကြီးသည် ဘီလူးအား ပေးခဲ့သောကတိသည် ကာလအပိုင်းအခြားမထားသော် ဤအာဠာဝက၏ တစ်ပြည်လုံးအစာသာ ဖြစ်ခြေမည်ဟု ဆိုလေသည်။ မင်းကြီးကဤအတွက် သင်ကြောင့်ကြမနေပါနှင့် ကျွန်ုပ်ဤအရေးကို သူ့တာဝန်ထားပါဟု ပြောကြား၍ မြို့ဝန်ကလည်း ဆောင်ရွက်ပေးရလေသည်။ အခြားသူများ မသိစေရန် မင်းကြီးကလည်း မှာကြားစေသည်။

မြို့ဝန်ကလည်း လှောင်အိမ်သို့သွား၍ သတ်ထိုက်သောအပြစ်ရှိသူ ရာဇဝတ်သားတို့အား “သင်တို့ အသက်ရှည်လိုမူထွက်ခဲ့ကြ”ဟုခေါ်ပြီး ရှေးဦးစွာထွက်လာသူကို ရေချိုးသန့်စင်ပြီး ဤထမင်းအိုးယူ ဤမည်သော ညောင်ပင်စောင့်နတ်အား ပူဇော်လေ။ ပြီးလျှင် သင်လိုရာသို့ သွားလော့ဟုဆိုပြီး လွှတ်လိုက်လေသည်။ အာဠာဝကဘီလူးကလည်း လွတ်လိုက်သော လူနှင့်တကွ ထမင်းကိုစားလေသည်။ ဤအကြောင်းကို ပြည်သူပြည်သားများ သိရှိသွားလေသည် မင်းကြီးသည်ဆက်၍ “ခိုးသူကို ဘီလူးစာကျွေးလော့” ဆိုသည်။ ကြောက်ရွံ့ကြ၍ မဆိုးသွမ်းကြကုန်ဖြစ်လေသည်။ ကြာသော်ရာဇဝတ်သားဟောင်းများ ကုန်သွားလေသည်။ လှောင်အိမ်လည်း ဆိတ်သုဉ်းလေသည်။

နောင်သောအခါ မြို့ဝန်သည် ဥစ္စာပစ္စည်းထုပ်ကို အိမ်ကြားအိမ်ဝလမ်း စသည်တွင်ချ၍ လုပ်ကြံပြီး ယူသူကို ခိုးသူစွပ်စွဲပြီး ဘီလူးထံသို့ပို့ရသည်။ နောင်အခါ လူများက သိကြ၍ ယင်းဥစ္စာပစ္စည်းကို ခြေနှင့်တောင် မထိဘဲ စွန့်ခွာသွားကြလေသည်။ ဤသို့ဖြင့် တစ်ဦးတစ်ယောက်မျှ ဖမ်း၍မရတော့ချေ။

ဤအဖြစ်ပျက်တို့ကို မင်းကြီးသည် မှူးမတ်တို့အား ဖွင့်ပြောပြီး တိုင်ပင်ကြလေသည်။ အမတ်တို့က ပုခက်တွင်းရှိ ကလေးများကိုပို့ရန် မိဘတို့သည် လွန်စွာမချစ်မနှစ်သေး၊ ကလေးကလည်း ငါ့မိဘမသိသေး၍ သင့်တော်ကြောင်း လျှောက်ထားကြသည်။ မင်းကြီးလည်း ၎င်းတို့ပေးသောအကြံကို နှစ်သက်၍ ပုခက်တွင်းကလေးများယူကာ ဘီလူးထံသို့ ပို့လေသည်။

ဤသို့အဖြစ်အပျက်ကို ပြည်သူပြည်သား၊ မိဘ၊ ကိုယ်ဝန်ဆောင်များ သိကြသောအခါ အခြားအရပ်တွင် ကလေးကို မွေးဖွားပြီး ကလေးအရွယ်ရောက်မှ ဤမြို့သို့ပြန်ကြသည်။ ထို့ကြောင့် ဤမြို့တွင်း၌ ပုခက်တွင်းကလေးများ မရှိကြချေ။ ဤသို့ဆောင်ရွက်လာရာ ၁၂ နှစ်တိုင် ရှိလာလေသည်။ ယင်းသို့ ပုခက်တွင်းကလေးများ မရှိကြောင်း မင်းကြီးအား လျှောက်တင်ကြလေသည်။ မှူးမတ်တို့က “အာဠာဝက” မင်းသားမှတစ်ပါး မရှိကြောင်း လျှောက်တင်ကြသည်။

မင်းကြီးသည် ဤလောက၌ မိမိထက်ပို၍ မည်သူ့ကိုမျှ မချစ်ကြပါ။ ဤသားငယ်ကို ဘီလူး ထံသို့မပို့လျှင် ငါ့တွင် အန္တရာယ်ရှိသည်။ ယင်းအာဠာဝကမင်းသားအား သူ့ထံသို့ပို့ရန် အမိန့်ပေးလေသည်။ မိဖုရားနှင့် မောင်းမမိဿံများ ငိုကြွေးကြလေသည်။ သားကိုမင်းကြီးက လုယူပြီး နောက်တစ်နေ့နံနက်တွင် အာဠာဝကဘီလူးထံသို့ ပို့ရန်ဖြစ်လေသည်။

 

 ဘုရားရှင်က အာဠာဝကဘီလူးအား ဆုံးမခြင်း

 

ဘုရားရှင်သည် လကွယ်နေ့၌ပင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်တို့၏ ထုံးစံအတိုင်း သတ္တလောကကြီးကို မိုးသောက်ယံ၌ မဟာကရုဏာသမာပတ်ကိုဝင်စားလျက် သဗ္ဗညုတဉာဏ်မျက်စိဖြင့် ကြည့်ရှုလေသည်။ ထိုအခါ၌ အာဠာဝကဘီလူး သောတာပန်ဖြစ်လတ္တံ့ကို မြင်လေသည်။ ယင်းသို့ အကြောင်းပြု၍ နောင်သောအခါ၌ အာဠာဝကမင်းသားသည် အနာဂါမ်ဖြစ်လတ္တံ့ကိုလည်း ဆင်ခြင်သိမြင်တော်မူ လေသည်။

ထိုနေ့လကွယ်တွင် ဘုရားရှင်သည် သပိတ်သင်္ကန်းတို့ယူဆောင်၍ သာဝတ္ထိပြည်မှ ယူဇနာ သုံးဆယ်ဝေးသော အာဠဝီပြည်သို့ တစ်ပါးတည်း ကြွတော်မူသည်။ ယင်းပြည်သို့ ရောက်သော် ဘုရားရှင်သည် အာဠာဝကဘီလူး၏ ဗိမာန်ဝ၌ ဝင်၍ရပ်တော်မူလေသည်။ ယင်းအချိန်တွင် အာဠာဝက ဘီလူးသည် ဟိမဝန္တာ၌ များစွာသော နတ်အစည်း အဝေးသို့ သွားနေချိန်ဖြစ်လေသည်။

၎င်းဗိမာန်အစောင့်ဖြစ်သော ဂဒြဘဘီလူးသည် ဘုရားရှင်ကို မြင်သောအခါ “ဤဗိမာန်သို့ အကြောင်းကြောင့် ညအချိန်တွင် လာရောက်ပါ သနည်း”ဟူ၍ ဘုရားရှင်နားသို့ကပ်၍ လျှောက်ထားလေသည်။ ဘုရားရှင်ကလည်း “ငါအကြောင်းရှိ၍ လာရောက်ခြင်းဖြစ်သည်။ သင်အပန်းမကြီးလျှင် ငါဘုရားအား ဤဗိမာန်၌ တစ်ညတာမျှ နေလိုသည်” ဟူ၍ ပြန်လည်မိန့်ကြားလေသည်။ ဂဒြဘဘီလူးကလည်း “တပည့်တော်အတွက် ဝန်မလေးပါ။ ဒါပေမဲ့ ဤဗိမာန်ပိုင်ရှင် အာဠာဝကသည် ခက်ထန်ကြမ်းတမ်းလှသည်။ မိဘဆရာသမားတို့ကို ရိုသေ လေးစားခြင်းမရှိ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိတတ်ပါ။ ထို့ကြောင့် ရှင်တော်ဘုရား ဤဗိမာန်၌ နားခိုခြင်းကို မနှစ်သက်သင့်ကြောင်း” ပြန်လည် လျှောက်ထားပါသည်။

ဘုရားရှင်က “ဂဒြဘ အာဠာဝကဘီလူး၏ ဤသို့သောအမူအရာရှိသည်ကို ငါဘုရားရှင် သိပါသည်။ ငါဘုရားမှာ အန္တရာယ်တစိုးတစိမျှ မရှိနိုင်ပါ။ သင်ဝန်လေးမှုမရှိလျှင် ငါ့အားတစ်ညတာမျှ ခိုနားခွင့်ပေးလော့”ဟူ၍ မိန့်မြွက်လေသည်။ “မြတ်စွာဘုရား ဘုရားရှင်၏ နားခိုခွင့်ကို တပည့်တော် ခွင့်ပြုလို့မရပါ။ ၎င်းအား အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ ခွင့်ပြုနိုင်ပါမည်။ တပည့်တော်မှ၎င်းအား အကြောင်းမကြားဘဲ တပည့်တော်၏သဘောအတိုင်း ခွင့်ပြုခဲ့သော် တပည့်တော်အသတ်ခံရပါမည်။ ၎င်းကို သွားအကြောင်းကြား ခွင့်ပြုချက် တောင်းခံပါရစေဦး” လျှောက်ထားပါသည်။

(ဆက်လက်ဖော်ပြပါမည်)