ဆရာကြည်
(၁၂-၇-၂၀၂၂ ရက်နေ့မှအဆက်)
သစ္စကပရိဗိုဇ်ကို ဆုံးမတော်မူခြင်း
ဝေသာလီပြည်၌ ဘုရားရှင် ပွင့်တော်မမူမီ အယူဝါဒငါးရာကျွမ်းကျင်သော ပရိဗိုဇ်တက္ကတွန်း တစ်ဦး ရောက်ရှိနေသည်။ ၎င်းအား လိစ္ဆဝီမင်းတို့က ချီးမြှောက်ကြည်ညိုလျက်ရှိကြပါသည်။ ထို့နောက် ၎င်းပရိဗိုဇ်ကဲ့သို့ အယူဝါဒငါးရာ ကျွမ်းကျင်သော ပရိဗိုဇ်မတစ်ဦးကလည်း ရောက်ရှိလာပါသည်။ ၎င်းကိုလည်း လိစ္ဆဝီမင်းတို့က ချီးမြှောက်ကြည်ညို လျက် ရှိကြပါသည်။
တစ်နေ့သောအခါ၌ လိစ္ဆဝီမင်းတို့ စီမံပေးသည့် မင်းရင်ပြင်တွင် ထိုပရိဗိုဇ်နှစ်ဦး ဝါဒချင်းပြိုင်ကြ သည်။ တစ်ဦး၏ပြဿနာ တစ်ဦးကမဖြေနိုင်ဘဲ ပြိုင်ပွဲသည် မည်သူမျှမနိုင်ဘဲ ရှိကြပါသည်။ လိစ္ဆဝီ မင်းတို့သည် ဤပရိဗိုဇ်ယောက်ျားနှင့် မိန်းမတို့သည် ပညာတူဝါဒရေးရာ၌ အလွန်ကျွမ်းကျင် လိမ္မာကြသူ များဖြစ်ကြ၍ သူတို့ နှစ်ဦးတို့ပေါင်း၍ မွေးလာသော သားသမီးများသည်လည်း ၎င်းတို့ကဲ့သို့ ဝါဒရေးရာ ကျွမ်းကျင်သူများ ဖြစ်ကြမည်ကိုကြံ၍ ၎င်းတို့နှစ်ဦး အား ဤပြည်၌ အတူနေကြရန် တိုက်တွန်းကြ လေသည်။
ဤသို့ဖြင့် ယင်းပရိဗိုဇ်နှစ်ဦးတို့ ပေါင်းသင်း နေထိုင်ရာမှ သားသမီးငါးဦး မွေးဖွားလာသည်။ သမီးလေးဦးနှင့် သားငယ်တစ်ဦးဖြစ်ပါသည်။ သမီး လေးဦး၏ အမည်မှာ “သစ္စာ၊ လောလာ၊ အဝ ဓာရိကာ၊ ပဋိစ္ဆာဒ”တို့ ဖြစ်ကြပါသည်။ အငယ်ဆုံး သား၏အမည်မှာ “သစ္စက” ဖြစ်ပါသည်။ ၎င်းတို့ အရွယ်ရောက်လာသော် သမီးလေးဦးအား မိဘများ က မှာကြားသည်မှာ သင်တို့၏ အယူဝါဒကို ဖြေ ကြား၍ အနိုင်ရသူဖြစ်ပါက သူတို့၏ဇနီးမယားအဖြစ် လက်ခံကြရန် မှာလေသည်။ ရဟန်းဖြစ်ပါကလည်း ၎င်းရဟန်းထံ၌ ရဟန်းပြု၍နေကြရန် မှာကြားထား ခဲ့လေသည်။ ၎င်းတို့သည် အဘဘက် ဝါဒငါးရာနှင့် အမိဘက်၌ ဝါဒငါးရာ ကျွမ်းကျင်၍ ၎င်းတို့ ငါးဦး သည် ဝါဒတစ်ထောင် ကျွမ်းကျင်သူများ ဖြစ်ကြ ပါသည်။
၎င်းပရိဗိုဇ်သမီးလေးဦးသည် ပရိဗိုဇ်အသွင်ဖြင့် ဇမ္ဗုသပြေခက်တို့ကိုင်လျက် ထိုထိုမြို့ရွာအရပ်ရှိ နိဂုံးရွာများသို့ လှည့်လည်နေကြပါသည်။ ရောက်ရှိရာ မြို့ရွာတံခါးဝ၌ မြေသဲကို စုပုံလျက် သပြေခက်ကို စိုက်ထူပြီး သူတို့၏ဝါဒကို ချေဖျက်နိုင်သူသည် ဤမြေပုံ၊ သဲပုံကိုဖျက်၍ ချေနင်းပါဟု မြို့တွင်းသို့ ဝင်ကြလေသည်။ ၎င်းတို့လေးဦးသည် သာဝတ္ထိပြည် သို့ရောက်၍ အရှင်သာရိပုတ္တရာနှင့် တွေ့ကြပါသည်။ ဝါဒချင်းပြိုင်ကြပါသည်။ သူတို့ ရှုံးနိမ့်ကြပါသည်။ ၎င်းတို့သည် ရဟန်းမများပြုကြပြီး မကြာမီရဟန္တာ များ ဖြစ်သွားကြလေသည်။
အငယ်ဆုံးသားဖြစ်သော သစ္စကပရိဗိုဇ်သည် သူ၏အစ်မများထက် ပညာဉာဏ် ထက်မြက်သူ လည်းဖြစ်သည်။ ထို့အပြင် လောကီရေးရာဆိုင်ရာ ပညာများဖြစ်သော ပုံပြင်ဝတ္ထု၊ ဗေဒင်ဓမ္မသတ်များပါ တတ်သဖြင့် လိစ္ဆဝီမင်းသားငယ်များကို ပညာသင် ပေးပြီး ယင်းဝေသာလီပြည်၌ပင် နေလေသည်။ သစ္စကပရိဗိုဇ်သည် သူ့၌ပညာများပြည့်လျှံ၍ ဗိုက်ပေါက်မည်စိုးပြီး ဝမ်းကို သံပြားဖြင့်ပတ်ကာ သွားလာနေထိုင်တော်မူလေသည်။
ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ၌ သီတင်းသုံးနေတော်မူသည်။ သစ္စကပရိဗိုဇ်သည် ရှင်ဂေါတမ၏ အယူဝါဒကို အပြစ်တင်ဆိုအံ့ဟု လုပ်ရန်ကြံစည်သည်။ ၎င်းသည် ဘုရားရှင်၏ဝါဒကို အပြစ်တင်မည်ဆိုပါက ၎င်းဝါဒကို သိဖို့လိုကြောင်း ၎င်းပရိဗိုဇ်သည်သိ၍ ဘုရားရှင်၏ဝါဒကို သိအောင် ပြုမည်ကြံ၍ လှည့်လည်သွားလာနေလေသည်။
၎င်းပရိဗိုဇ်သည် တစ်နေ့သောအခါ အရှင် အဿဇိ မြို့တွင်းသို့ဆွမ်းခံကြွလာသည်ကို မြင်၍ အရှင်အဿဇိကို ကောင်းစွာဆက်ဆံပြောဆိုပြီး ဘုရားရှင်၏ဝါဒကို မေးလေသည်။ ဘုရားရှင်၏ တပည့် အရှင်အဿဇိသည် ၎င်းသည် မိစ္ဆာအယူရှိသူ ဖြစ်သဖြင့် မသွယ်မဝိုက်ဘဲ ဘုံသုံးပါးတွင် ရှိကြသော သတ္တဝါတို့၏ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် မမြဲသောသဘောရှိသည်။ ဆင်းရဲ ခြင်းကို ဖြစ်စေသည်။ ဤသို့ရှိသည်ဖြစ်သောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ဖြင့် ဆင်ခြင်ရန် ဆုံးမလေ့ ရှိကြောင်း ပြောလေသည်။
သစ္စကပရိဗိုဇ်သည် လိစ္ဆဝီမင်းသားငါးရာ စုရုံးတိုင်ပင်၍ သူ့ကိုယ်သူ ပညာရှိဖြစ်ကြောင်းကို ၎င်းတို့အား ကြွားဝါပြောကြားသည်။ သူမေးသော အမေးများကို လာကုန်သောဆရာတို့သည် မဖြေကြား နိုင်ကြချေ။ ဤလောက၌ ဖြေနိုင်သူက တစ်ဦး တစ်ယောက်မျှမရှိ။ ထို့ကြောင့် လူတွင် ထင်ရှား ဘုရားရှင်ဟုကြွေးကြော်သူ ရှင်ဂေါတမကို သူမေး မည်။ အရှက်ရအောင် မေးမည်ဖြစ်ကြောင်း၊ သူမေး သည့်အခါ ဇောချွေးများ ပြန်ရမည်ဖြစ်ကြောင်း၊ လူများနှင့်အတူ ဂေါတမဘုရားထံသို့ သူသွားမည် ဖြစ်ကြောင်း သူနှင့်အတူလိုက်ခဲ့ရန် ကြုံးဝါးပြောဆို လေသည်။ ၎င်းသစ္စကသည် လိစ္ဆဝီမင်းသား ငါးရာ ခြံရံလျက် နံနက်စာစားပြီး ဘုရားထံသို့ သွားကြ သည်။
ဘုရားရှင်သည် လောကကို သမန္တစက္ခုဖြင့် ကြည့်၍ သုံးသပ်သော် ယနေ့ သူ့ထံသို့ သစ္စကပရိဗိုဇ် လာမည်ဖြစ်ကြောင်း သိသည်။ ယင်းသို့သိတော်မူ သောကြောင့် ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ကျောင်းနှင့်မနီးမဝေး သစ်ပင်အောက်၌ သီတင်းသုံး တော်မူသည်။
ထို့နောက် သစ္စကပရိဗိုဇ်သည် သူ့အခြံအရံများ နှင့် ဘုရားရှင်ထံသို့ ရောက်တော်မူပြီးနောက် ဘုရားရှင်အား မေးခွန်းပြဿနာ မေးခွင့်ပြုရန် လျှောက်ထားလေသည်။ ဘုရားရှင်က ဝန်မလေး၊ ၎င်းအား မေးခွင့်ပြုတော်မူသည်။ သစ္စကပရိဗိုဇ်က လည်း အရှင်အဿဇိ ဖြေထားသည်ကို မေး၍ ဘုရား ရှင်အား ဟုတ်၊ မဟုတ် မေးသည်။ ဘုရားရှင်ကလည်း အရှင်အဿဇိ သိထားသည့်အတိုင်းဖြစ်ကြောင်း ပြောကြားလေသည်။ ၎င်းက အတ္တဖြစ်နေပါလျက် ဘာကြောင့် အနတ္တဟု ဆိုပါလဲဟူ၍ အပြစ်တင် ပြောဆိုလေသည်။ ဘုရားရှင်ကလည်း ၎င်းအား ခန္ဓာငါးပါးကို အတ္တဟူ၍ သင်ယူပါသလောဟု မေးသည်။ သစ္စကပရိဗိုဇ်သည် ဘုရားရှင်မေးသည်ကို အားလုံးစည်းလုံး၍ ဖြေကြားလေသည်။ ဘုရားရှင် က ၎င်းအား အများသူငါကို မစည်းရုံးနှင့်၊ သင့်အယူ ဝါဒကိုသာပြောရန် ပြောကြားလေသည်။
ဘုရားရှင်က ပြည့်ရှင်မင်းတို့သည် သူတို့ ပိုင်သော နိုင်ငံအတွင်း၌ ညှဉ်းဆဲသတ်ဖြတ်သူတို့ကို ညှဉ်းဆဲသတ်ဖြတ်စေရန်လည်းကောင်း၊ နိုင်ငံမှ နှင်ထုတ်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာထားနိုင်မည်လောဟု မေးလေသည်။ ၎င်းသစ္စကကလည်း အာဏာထားနိုင်ကြောင်း ပြန်ဖြေလေသည်။ ဘုရားရှင်က သစ္စကအား သင်သည် ရုပ်သည်၊ သင်ပိုင်သည် (ငါပိုင်)ဆိုလျှင် “ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ မဖြစ်စေ၊ ငါသည် တစ်ဆယ့်ခြောက်နှစ်အရွယ်အတိုင်း အမြဲဖြစ်စေဟု အမိန့်ပေးကာ အာဏာသုံး၍ ရပါ၏လော”ဟု မေးလေသည်။
ဘုရားရှင်က ဤသစ္စကပရိဗိုဇ်အား မေးသော အခါ ၎င်းသည် အဖြေရခက်နေသည်။ ရုပ်သည် ငါ့အလိုသို့လိုက်၏ဟု ဖြေဆိုလျှင် ဝေသာလီမင်း အပေါင်းတို့၏ အပြစ်တင်ခြင်းကိုခံရပေမည်။ ဤသို့ မလိုက်ဟုဖြေလျှင် ဘုရား၏ အနတ္တဝါဒကို လက်ခံရာ ရောက်မည်ဖြစ်၍ မဖြေဘဲ ဆိတ်ဆိတ်နေသည်။
ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင် မေးသည်။ ၎င်းသည် မဖြေဘဲနေလေသည်။ ဘုရားရှင်က သစ္စကပရိဗိုဇ်အား ဤသို့ သင်မဖြေလျှင် သင်၏ ဦးခေါင်း ခုနစ်စိတ်ကွဲစေရာ၏ဟု မိန့်တော်မူသည်။ ဤသို့ ဘုရားရှင်၏အမေးကို မဖြေဘဲနေလျှင် ဘုရားရှင်၏ အချိန်များကို အကျိုးမဲ့အချိန်ကုန်စေ သောကြောင့် ထိုမဖြေသူသည် ၎င်း၏ဦးခေါင်း ခုနစ်စိတ် ကွဲရာ၏။ ဤကား ဓမ္မတာ ဖြစ်ပါသည်။
ထိုအခါ၌ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲတောက်လောင်သော သံတင်းပုတ်ဖြင့် လာ၍ သစ္စကအား ဘုရားအမေးကို မဖြေဘဲနေခဲ့လျှင် ၎င်း၏ဦးခေါင်းအား ခုနစ်စိတ်ခွဲအံ့ဟု သစ္စက အပေါ် ကောင်းကင်မှရပ်တန့်၍ ခြိမ်းခြောက်လေသည်။ သစ္စကလည်း နောက်ဆုံး၌ ကြောက်လန့်၍ မဖြေဘဲ မနေဝံ့တော့ကြောင်း၊ ၎င်းမှ “အာဏာမထားနိုင် ကြောင်း” ဖြေပေသည်။ ရုပ်သည် မြဲသလော၊ မမြဲသလောဟု ဘုရားရှင်က မေးသည်။ ဆင်းရဲမှု ဖြစ်သလော၊ မဖြစ်သလော မေးသည်။ ဆင်းရဲမှု ဖြစ်ကြောင်း ဖြေလေသည်။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ကိုလည်း ထိုနည်းတူမေးသည်။ ၎င်းသည် အမှန်အတိုင်းမမြဲကြောင်း ဖြေလေသည်။
ဘုရားရှင်သည် ပရိသတ်အလယ်၌ ခန္ဓာငါးပါး သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ကြောင်းဖြင့် ၎င်း၏ အယူဝါဒကို ပယ်ဖျက်ချေချွတ်လိုက်လေသည်။ နောက်ဆုံး၌ သစ္စကပရိဗိုဇ်သည် ဘုရားရှင်ထံ၌ သူမှားကြောင်းဝန်ခံ၍ သူအသက်ရှည်သမျှ ကာလ ပတ်လုံး ဘုရားရှင်၏ အယူဝါဒကို ကိုးကွယ်ပါမည် ဟု လျှောက်ထားလေသည်။ သစ္စကလည်း ဘုရားရှင် နှင့်တကွသော ရဟန်းများအား နောက်တစ်နေ့၌ လိစ္ဆဝီမင်းတို့ အကူအညီဖြင့် ဆွမ်းကို ခမ်းနား ကြီးကျယ်စွာ ဖိတ်ကျွေးလေသည်။ ဘုရားရှင်သည် သစ္စကအား အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သည့် “စူဠသစ္စကသုတ္တန်”ကိုသာမက မဟာသစ္စက သုတ္တန်ကိုပါ တရားဓမ္မတို့ဖြင့် ဆုံးမလေသည်။
ဥပနိဿယ (ပါရမီ) မရှိသောကြောင့် သစ္စက သည် မဂ်ဖိုလ်တစ်ခုမျှ မရသေး၊ ရဟန်းမပြုဘဲ နေသည်။ ဘုရားရှင်သည် ယင်းသို့ မဂ်ဖိုလ်မရနိုင် သောသူကို အဘယ်ကြောင့် အပင်ပန်းခံ၍ ဟောရ သည်ဆိုသော် ဤသစ္စကပရိဗိုဇ်သည် ဘုရားရှင် လက်ထက် မဂ်ဖိုလ်မရနိုင်ပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းနှစ်ရာတွင် သီဟိုဠ်ကျွန်း၌ သာသနာ ထွန်းကားချိန်ကာလဝယ် ၎င်းကျွန်း၌ အမတ်မျိုး တွင်ဖြစ်မည်။ ရဟန်းပြုမည်။ ဝိပဿနာ အားထုတ်၍ “ကာဠဗုဒ္ဓရက္ခိတ’’ ရဟန္တာ ဖြစ်မည်။ အနာဂတ်အကြောင်းကိုမြင်၍ အထောက်အပံ့ရစေ ခြင်းငှာ၊ ပါရမီဖြစ်စေခြင်းငှာ ဤသို့ အပင်ပန်းခံ၍ ဟောကြားခြင်း ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)