ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းစေသော် ...

 

 

ဘကြီးကောင်း

 

မောင်မြင့်အေးရေ . . .

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ  တည်ထားကိုးကွယ်ဖို့ ဆောင်ရွက်လျက်ရှိတဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဆင်းတုတော်ကို အပိုင်းလိုက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း  မဟာမင်္ဂလာမြင်ကွင်းတွေကို ဖူးမြင်ရတာ ဝမ်းမြောက်ကြည်နူးစရာဖြစ်ရသလို ထေရဝါဒ ဗုဒ္ဓဘာသာဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတော်ကြီးအတွက်လည်း ဂုဏ်ယူစရာ ဖြစ်ရတယ်။

 

မြန်မာရဟန်းသံဃာတော်များက ပြန်လည်သင်ကြား သာသနာပြုပေးခဲ့

 

ထေရဝါဒဗုဒ္ဓဘာသာ ဦးဆောင်နိုင်ငံဆိုတဲ့ အသုံးအနှုန်းကို  မောင်တို့လူငယ်တွေ ဂဃနဏ နားရှင်းအောင်ပြောရရင်  ခေတ်အဆက်ဆက် ဆရာတော် သံဃာတော်များ၊ သာသနာပြုမင်းများ၊ အလှူဒါယကာ၊ ဒါယိကာမ မြန်မာပြည်သူများ ဆရာဒကာလက်တွဲပြီး  လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်မှုခဲ့မှုကြောင့် မြတ်ဗုဒ္ဓရဲ့သာသနာဟာ မူရင်းအတိုင်း မြန်မာနိုင်ငံမှာ ထွန်းလင်းတောက်ပ  နေဆဲဖြစ်တယ်။  သီဟိုဠ်လို့ခေါ်တဲ့  သီရိလင်္ကာမှာ ပဋ္ဌာန်းကျမ်းအတော်များများ ကွယ်ပျောက်ခဲ့လို့ မြန်မာနိုင်ငံက အသက်ဆက်ပေးခဲ့ရတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တစ်ချိန်က အဘိဓမ္မာတရားတော်ကို မသာအသုဘနာရေးတွေမှာပဲ ရွတ်ပွားတော့တဲ့ အခြေအနေအထိဖြစ်ခဲ့လို့  မြန်မာရဟန်းသံဃာ တော်များက ပြန်လည်သင်ကြား သာသနာပြုပေးခဲ့ ရတယ်လို့ နာယူမှတ်သားဖူးပါတယ်။

 

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်မှစလို့ ယနေ့တိုင်ကမ္ဘာမှာ  ဗုဒ္ဓသာသနာတော်ရဲ့ “နောက်ဆုံးခံတပ်မြို့တော်ကြီး”အဖြစ် ဘာကြောင့် အခိုင်အမာ ရပ်တည်နိုင်ခဲ့သလဲ။

 

ကြံ့ကြံ့ခံသယ်ဆောင်

 

ရှေးဘိုးဘွားများဟာ မြန်မာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒသာဖြစ်တယ်၊ မြန်မာလူမျိုးတို့ရဲ့ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓဝါဒ၌အခြေခံပြီး ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့ရဲ့ ကျဆုံးခြင်းပဲလို့ခံယူပြီး  သုဝဏ္ဏဘူမိမှ ပုဂံ၊ ပုဂံမှ ကုန်းဘောင် နှစ်ပေါင်းထောင်ချီတိုင် ထေရဝါဒသာသနာ့အလံကို အခက်အခဲမျိုးစုံကြားက ကြံ့ကြံ့ခံ သယ်ဆောင်ခဲ့ကြတယ်။

 

ဗြိတိသျှလက်အောက် သူ့ကျွန်ဘဝရောက်ခဲ့စဉ်မှာလည်း အမျိုးဘာသာ၊ သာသနာအတွက် ဆရာဒကာ လက်တွဲပြီး ထိန်းသိမ်းကာကွယ စောင့်ရှောက်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာတော့ ဆဋ္ဌသင်္ဂါယနာတင်ခြင်း အပါအဝင် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို သန့်ရှင်း၊ တည်တံ့ပြန့်ပွားအောင် စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်ပဲ ဖြစ်တယ်။

 

ဘက်စုံဖွံ့ဖြိုးတိုးတက်လာခဲ့

 

အဲဒီလိုကြိုးပမ်းခဲ့မှုကြောင့်လည်း အခြားထေရဝါဒနိုင်ငံများနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံဟာ ပရိယတ်၊ ပဋိပတ်သာမက ပဋိဝေဓပါ ဘက်စုံဖွံ့ဖြိုး တိုးတက်လာခဲ့တယ်။ သီဟိုဠ် သံဂီတိကာရကသံဃ ကိုယ်စားလှယ် ခေါင်းဆောင် အဂ္ဂမဟာပဏ္ဍိတ အာနန္ဒ မေတ္တေယျဆရာတော်ကြီးကိုယ်တော်တိုင် “သင်သည်ဗုဒ္ဓဝါဒကို အမှန်တကယ် စိတ်ပါမြတ်နိုး၍ လက်တွေ့ကျကျ အဟုတ်ကျင့်ကြံသည်ကို လေ့လာလိုပါလျှင် မြန်မာနိုင်ငံသို့ သွားပါ”လို့ မိန့်ကြားတော် မူခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာမြတ်ဗုဒ္ဓရဲ့ သဒ္ဓမ္မသုံးဖြာသာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းလင်းတောက်ပပြီး ကမ္ဘာကို အလင်းဆောင်ပေးနိုင်ခဲ့တဲ့နည်းတူ မြန်မာနိုင်ငံက ဘုရားကျောင်းကန်စေတီ ပုထိုးများဟာလည်း နှောင်းလူတို့အတွက် ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များအဖြစ် ထင်ကျန်ရစ်စေခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာရတနာများ

 

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင် နန္ဒမာလာဘိဝံသကလည်း ၁၃၇၉ ခုနှစ် တပေါင်း လဆန်း ၁ ရက်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မြတ်ဘုရား ရွှေတိဂုံစေတီတော်မြတ် ရင်ပြင်တော် အောင်မြေဌာနအတွင်း ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပက ဖွဲ့ကကြီးမှူးပြီး စေတိယင်္ဂဏပရိယတ္တိ ဓမ္မနုဂ္ဂဟ စာမေးပွဲနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပတဲ့ ဓမ္မပူဇာအထူးဓမ္မသဘင်မှာ “မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ ရတနာများ ဆိုသည်မှာ ရွှေတိဂုံဘုရားကြီး၊ မြန်မာနိုင်ငံရဲ့နံပါတ် - ၁ ဂုဏ်ယူစရာ အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ နံပါတ်-၂ ကမ္ဘာမှာအကြီးဆုံးစာအုပ်လို့ခေါ်တဲ့ ပဉ္စမသင်္ဂါယနာကျောက်စာတော် ဖြစ်ပါတယ်။ နံပါတ်-၃ ဆဋ္ဌသင်္ဂါယနာတင် ဆဋ္ဌသံဂီတိ မဟာပါသဏလိုဏ်ဂူတော်ကြီး ဖြစ်ပါတယ်။ နံပါတ်-၄ ကတော့ ထိုရုပ်ဝတ္ထုတွေနဲ့မတူ သင်ကြားပို့ချခြင်း ဖြင့်သာလျှင် ရှင်သန်နိုင်တဲ့ ပါဠိစာပေနဲ့မြတ်ဗုဒ္ဓရဲ့ အဆုံးအမပိဋကတ်တော်တွေသာ ဖြစ်ပါတယ်” လို့ “မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာရတနာများ” ခေါင်းစဉ်နဲ့ ဟောဖော်ညွှန်ပြခဲ့ပါတယ်။

 

မြန်မာတစ်မျိုးသားလုံးအတွက် တစ်ခုတည်းသော၊ တစ်ဆူတည်းသော ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက “ဒီရွှေတိဂုံစေတီမြတ်ကြီးဟာ မြန်မာလူမျိုးတွေ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကောင်းတဲ့ ရတနာတစ်ပါးပဲလို့ အင်မတန်မှ ထင်ရှားတယ်။ ရွှေတိဂုံစေတီတော်ကြီးကို ဘယ်သူတွေ ပိုင်လိုက်ကြသလဲဆိုတော့ မြန်မာနိုင်ငံသားတွေ ပိုင်လိုက်ကြတယ်”လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

 

မြတ်ဗုဒ္ဓရဲ့အဆုံးအမ ပါဠိ၊ ပိဋကတ် စာပေတို့နဲ့ပတ်သက်ပြီးတော့လည်း “မြန်မာနိုင်ငံရဲ့ ပါဠိ ပိဋကတ်ကို ထိန်းသိမ်းပေးတဲ့ စာချနည်းနှစ်မျိုးရယ်၊ ဒီစာမေးပွဲကြီးတွေဟာ တိုင်းပြည်မှာအရေးအကြီးဆုံးဖြစ်လို့ ပါဠိနဲ့ပိဋကတ် စာပေဆိုတဲ့ ဒီရတနာဟာ မြန်မာလူမျိုးတွေ ရရှိပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်နေပါပြီ။ အခုလိုပါဠိဘာသာနဲ့ ပိဋကတ်စာပေတွေ ပိုင်ဆိုင်ထားတာကို လူတိုင်းကဂုဏ်ယူတတ်ချင်မှ ဂုဏ်ယူတတ်မယ်။ တကယ်တော့ ဂုဏ်ယူစရာ အကောင်းဆုံးက အဲဒါဖြစ်ပါတယ်”လို့ ဆရာတော်ကြီး က ဟောကြားတော်မူခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ “တစ်ခါတစ်ရံကျတော့ ဝေးလံတဲ့ဒေသမှာ ရှိတဲ့အရာတွေကို တန်ဖိုးလို့ထင်မှတ်နေတတ်တယ်။ ကိုယ့်အနားမှာ ရှိတဲ့အရာကို တန်ဖိုးလို့သိချင်မှသိတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ်မြင်တွေ့နေကြရတာဖြစ်လို့ တန်ဖိုးရှိတဲ့အရာပင်ဖြစ်သော်လည်း ရိုးနေတာဖြစ်သည့်အတွက်ကြောင့် တန်ဖိုးထားရမှန်းမသိ ဖြစ်နေတတ်တယ်ပေါ့” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

 

ထိန်းသိမ်းရခက်တဲ့ ပါဠိနဲ့ပိဋကတ်စာပေတွေ ရှင်သန်နေစေရေးနဲ့ ပတ်သက်ပြီးတော့လည်း “လောကမှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ အလွန်တန်ဖိုးရှိတဲ့ ရတနာများဖြစ်ပါတယ်။ အဲဒီရတနာတွေဟာ မြန်မာလူမျိုးတွေရဲ့ လက်ထဲမှာရှင်သန်နေတာဟာ ဂုဏ်ယူစရာအကောင်းဆုံး ရတနာတစ်ပါးဖြစ်ပါတယ်။

 

သင်ယူပို့ချခြင်းဖြင့် လက်ဆင့်ကမ်း

 

“ပါဠိနဲ့ ပိဋကတ်စာပေတွေ ရှင်သန်နေအောင် သင်ကြားခြင်း၊ ပို့ချခြင်းတွေကို ဆက်လက်ရှိနေအောင် တို့တစ်တွေ ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ ဒါတွေကို မပျက်ရအောင် ဆက်လက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်တယ်။ သံဃာနဲ့ဥပါသိကာ၊ သံဃာနဲ့ဥပါသိကာမ၊ ဆရာဒကာနှစ်ဦး လက်တွဲပြီးတော့ ရှင်သန်နေအောင် ပုံစံအမျိုးမျိုးနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နှလုံးသားထဲရောက်သည်ထိအောင်၊ ဒီစာတွေ ကျမ်းအိပ်မဖြစ်အောင် အမြဲတမ်းနှိုးပြီးတော့ သင်ယူပို့ချခြင်းဖြင့် လက်ဆင့်ကမ်းနေကြရမှာ ဖြစ်ပါတယ်။

 

 “အဲဒီလိုမလုပ်ဘဲနဲ့ စာပေကျမ်းဂန်ပါဠိ ပိဋကတ် စာပေတွေကိုကျောခိုင်းမယ်ဆိုလို့ရှိရင်တော့ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု အော်ချင်တိုင်းအော် ဘယ်တော့မှ စိရံတိဋ္ဌတုဖြစ်မှာ မဟုတ်ဘူး။ အကယ်၍ ထိန်းသိမ်း စောင့်ရှောက်မှု မတတ်နိုင်ဘူးဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေဟာ မြန်မာနိုင်ငံကမှ မထိန်းရင် ထိန်းမယ့်နိုင်ငံမရှိဘူးလို့ ပြောရမယ်။ ဒီထက်လျော့တဲ့၊ ပျော့ညံ့တဲ့နိုင်ငံတွေသာဖြစ်တယ်” လို့ ဟောဖော်ညွှန်ပြတော်မူခဲ့ပါတယ်။

 

မြန်မာလူမျိုးတွေရဲ့၊ ဗုဒ္ဓဘာသာဝင်တွေရဲ့တာဝန်ပဲဖြစ်

 

တစ်ဆက်တည်းမှာပဲ ပါမောက္ခချုပ် ဆရာတော်ကြီးက “မြန်မာနိုင်ငံမှာ ဂုဏ်ယူစရာ ရတနာတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာကတော့ မြန်မာလူမျိုးတွေရဲ့၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်”လို့ ဟောဖော်ညွှန်ပြ ဆို ဆုံးမတော်မူခဲ့ပါတယ်။

 

တောင်မြို့ မဟာဂန္ဓရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသကလည်း “အနာဂတ်သာသနာရေး” စာအုပ်မှာ “ဗုဒ္ဓမြတ်စွာ၊ သာသနာကို၊ ကောင်းစွာ ကြိုတင်၊ မပြုပြင်သော်၊ အမြင်မှိန်မှေး၊ အထင်သေး၍၊ ယဉ်ကျေးဘွယ်ရာ၊ အဖြာဖြာနှင့်၊ ဘာသာဝါဒ၊ ဟူသမျှတို့၊ စစ ကုန်သုဉ်း၊ ပြုတ်ပြုတ်ပြုန်းလိမ့်။

 

ထွဋ်ဘုန်းသာသနာ၊ မှိန်သောခါဝယ်၊ ထွေရာ ကောင်းနိုး၊ ဝါဒမျိုးဖြင့်၊ အကျိုးမတဲ့၊ ဖြစ်ပျက်ခဲ့မူ၊ တကဲ့တိုင်းကြီး၊ ပြည်အနီး၌၊ တိုင်းထီးပြည်နယ်၊ မျက်နှာငယ်လိမ့်။

 

သို့နှယ်ကြောင်းရာ၊ စုပေါင်းကာဖြင့်၊ ကောင်းစွာမျှော်ညှိ၊ ဆင်ခြင်မိ၍၊ ဒို့၏ နယ်မြေ၊ ဒို့အမွေနှင့်၊ ဒို့မေဘာသာ၊ သာသနာကို၊ ဒို့သာကြံ့ကြံ့၊ စောင့်ရှောက်အံ့ဟု၊ ခံ့ခံ့မားမတ်၊ စိတ်ထားမြတ်ဖြင့်၊ နာဂတ်သာသနာ၊ ရေးအရာကို၊ တွေးတောသိုက်မြိုက်၊ ရေးသားလိုက်၏။

 

သိထိုက်သိရာ၊ သိပြီးခါဝယ်၊ စဉ်လာထင်မြင်၊ ပြင်ကာဆင်လျက်၊ စည်ပင်သာယာ၊ သာသနာနှင့်၊ မြန်မာပြည်ထောင်၊ တိုးတက်အောင်လျှင်၊ ခေါင်းဆောင် ရှေ့သွား၊ ရှင်လူများတို့၊ ခွဲခြားမေတ္တာ၊ မထားပါဘဲ၊ များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊ ညီညီကြိုးကုတ်၊ အားသွန်ထုတ်က၊ ဗုဒ္ဓသာသနာ၊ ပြည်မြန်မာသည်၊ ကမ္ဘာထုတ်ချင်း၊ ထွင်းလိမ့်သော်” ဆိုတဲ့ မော်ကွန်းကိုရေးထိုးခဲ့ပါတယ်။

 

မောင်မြင့်အေးရေ ...

 

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှု ဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်လေးရပ်နဲ့အညီ တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိတဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာလည်း ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တယ် ဆိုတော့ကာ မြန်မာလူမျိုးတွေအတွက် အံ့ချီးဂုဏ်ယူ စရာတစ်ခုလို့ပဲ ဆိုရမယ်။

 

ကမ္ဘာက သိရှိနိုင်ရေး ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး တည်ဆောက်

 

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မယ့် သံဃာတော်အပါး ၁၂၀၀ နဲ့ လူပရိသတ်များဝင်ဆံ့နိုင်တဲ့ သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်မှာ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့နဲ့ ကျောက်စာတော်များ ထုဆစ်ပူဇော်ထားရှိတဲ့ ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသော သာသနိက အဆောက်အဦများကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိတယ်လို့ သိရတယ်။

 

ယနေ့ကမ္ဘာတစ်ခွင်လုံးသို့ ထေရဝါဒသာသနာ မျိုးဆက်ပြန့်ပွား၍ ကမ္ဘာသူကမ္ဘာသားတိုင်းအား ချမ်းသာကိုယ်စီဝေငှရန် မြန်မာတို့ရဲ့သမိုင်းပေးတာဝန်၊ ဘဝပေးတာဝန် ကျေပွန်တယ်လို့ပဲ ဝမ်းမြောက်နုမော် သာဓုခေါ်ရမယ်။

 

“ဘုန်းကံနည်းသူတို့သည် သာသနာတော်ကို အနည်းငယ်မျှပင် ချီးမြှောက်ခွင့်မရကြကုန်၊ ဘုန်းကံရှိသူတို့သာလျှင် ရနိုင်ကုန်၏၊ အဘယ်ကြောင့်ဆိုသော် သာသနာတော်သည်အတုမရှိ၊ ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ သာသနာတော်ဖြစ်သောကြောင့်ပေတည်း” ဆိုတဲ့ ပေါရာဏဂါထာတော်နဲ့အညီ ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းစေဖို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ကိုယ်စီကိုယ်စီ နိုင်ရာဝန်ဖြင့် ချီးမြှောက်ကြပါစို့။ ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု။ ။

 

ကျမ်းကိုး

 

ဓမ္မာစရိယ ဦးဌေးလှိုင်၏ “သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ”