စားစရာဝယ်လိုက်ရမလား၊ အိမ်ငှားခပဲပေးရမလား ဝေခွဲမရဖြစ်နေရတဲ့ အမေရိကန်ပြည်သူများ

mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

တယ်ရသောမတ်စ်ကတော့ သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေထဲက တစ်ဦးပါပဲ။ သူဟာလည်း အခြားသော အမေရိကန်များနည်းတူ ကိုဗစ် -၁၉ လို့ ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ပုံမှန်ဝင်ငွေ ဆုံးရှုံးခဲ့ရသူလို့ပြောရင်လည်း မမှားပါဘူး။

 

ရွေးချယ်စရာနှစ်ခုကြားဗျာများ

 

အခုဆိုရင် သူဟာ ရွေးချယ်စရာနှစ်ခုကြား ဗျာများ နေရပါတယ်။ အဲဒါကတော့ လက်ကျန်ငွေကို အိမ်ငှား ခအတွက် အသုံးပြုရမလား၊ ဒါမှမဟုတ် အစားအသောက်အတွက် အသုံးပြုလိုက်ရမလားဆိုတာပါပဲ။ အိမ်ငှားခ ငွေကို ဒေါ်လာဘီလီယံနဲ့ ချီပြီးချမ်းသာတဲ့ အိမ်ပိုင်ရှင်ကိုပဲ ပေးလိုက်ရမလား၊ ဒါမှမဟုတ် အစားအသောက်နဲ့ လိုအပ်တာတွေကိုပဲ ဝယ်ယူလိုက်ရမလား ဆိုတာ သောမတ်စ်အတွက် စဉ်းစားရခက်နေပါတယ်။ သောမတ်စ် ကတော့ ဆန်ဖရန်စစ္စကိုကအော့ကလန်မြို့မှာ နေထိုင်တဲ့သူပါ။ အခုဆိုရင် သောမတ်စ်ဟာ သူတို့ ငှားရမ်းနေထိုင် နေတဲ့ အဆောက်အအုံက အခြားအိမ်လေးဦးနဲ့အတူ အိမ်ငှားရမ်းခ မပေးရဖို့အရေး လှုပ်ရှားမှုမှာ ပါဝင်နေပါ တယ်။

 

ရွေးချယ်ရခက်တဲ့အခြေအနေ

 

အမေရိကန်တစ်လွှားမှာနေထိုင်ကြတဲ့ လူအချို့မှာ အိမ်ငှားခပဲ ပေးလိုက်ရမလား၊ အစားအသောက်ပဲ  ဝယ်ယူရ မလားဆိုတဲ့ ရွေးချယ်ရခက်တဲ့ အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ အခုလိုမျိုး အိမ်ခ မပေးရဖို့အရေး တောင်းဆိုတာဟာ အန္တရာယ်များတဲ့ ရွေးချယ်မှုဖြစ်ပေမယ့် အခြားရွေးချယ်စရာလည်း မရှိဘူးလို့ သောမတ်စ်က ပြောပါတယ်။

 

ပန်းအလှပြင်ဆင်ပေးသူ

 

သောမတ်စ်ဟာ မင်္ဂလာဧည့်ခံပွဲတွေ၊ အခမ်းအနားတွေမှာ ပန်းအလှပြင်ဆင်ပေးသူအဖြစ် အလုပ်လုပ် ကိုင်ပါ တယ်။ များသောအားဖြင့် သူ့ရဲ့အလုပ်ဟာ လူစုလူဝေးနဲ့ သက်ဆိုင်တဲ့အလုပ်ပါပဲ။ ပွဲကျင်းပမှုတွေများလေ သူ့အတွက် ဝင်ငွေကောင်းလေပါပဲ။ အခု ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေးနဲ့ ကျင်းပရတဲ့ ပွဲတွေ အကုန်ရပ်နားထားရတဲ့အခါမှာတော့ သူ့အတွက် ဝင်ငွေ ဆိုတာလည်းမရှိတော့ပါဘူး။ ကိုဗစ် -၁၉ ကိုနှိမ်နင်းပြီး နောက်ပိုင်း ပွဲတွေပြန်စနိုင်မှသာ သူ့အတွက် ပြန်ပြီးဝင် ငွေ ရလာမှာပါ။

 

အလုပ်လက်မဲ့တွေများလာ

 

အခုဆိုရင် အိမ်ငှားခ ၈၃၃ ဒေါ်လာမပေးရဖို့အရေး သူကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့လကစလို့ အမေရိကန် ၂၂သန်းဟာ အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေအခြအရေးမကြီးဘူးဟု ယူဆရတဲ့လုပ်ငန်းတွေအားလုံးကို ရပ်နားထားဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် အလုပ်သမား အင်အားကို လျှော့ချလိုက်ရပါတယ်။ ကိုဗစ် -၁၉ ပျံ့နှံ့မှုကို ကာကွယ်နိုင်ရေးအတွက် မလိုအပ်တဲ့လှုပ်ရှားမှုအား လုံးကို ပိတ်ပစ်လိုက်ရပါတယ်။ ကိုဗစ် -၁၉ ကြောင့် အမေရိကန်နိုင်ငံအတွင်း လူအများစုဟာ အကြွေးတွေနဲ့ ရုန်းကန်နေရပြီး လုံလောက်တဲ့ ငွေကြေးအင်အားလည်း ကင်းမဲ့လာပါတယ်။

 

အိမ်ငှားတွေနှင်မချဖို့ တားမြစ်ထား

 

၂၀၁၈ ခုနှစ်မှာဆိုရင် ၄၀ ရာခိုင်နှုန်းသော အမေရိကန် ပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ရောင်းချ ခြင်းမပြုဘဲ အရေးပေါ်ကိစ္စအတွက်သုံးဖို့ ဒေါ်လာ ၄၀ဝ ထက် မနည်းစုထားနိုင်ခဲ့ပါတယ်လို့ စစ်တမ်းကောက်ယူမှု အရသိရပါတယ်။ တချို့သောအိမ်ရှင်တွေဟာ အိမ်ငှားခကို အရစ်ကျနဲ့ နည်းနည်းစီခွဲပေးဖို့ အစီအစဉ်ကို အဆိုပြုခဲ့ကြပါတယ်။ ကိုဗစ်-၁၉ အပြင်းအထန်ကူးစက်ခံနေရတဲ့ ပြည်နယ်တွေမှာဆိုရင် အိမ်ငှားတွေကို အတင်းမောင်းချတာ မျိုးမလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလိုက်တာနဲ့ တစ်ပြိုင်နက် အိမ်တွေကို ဆိုင်းငံ့ပေးဖို့ တားမြစ်ချက်ဟာလည်း အဆုံးသတ်သွား တော့မှာပါပဲ။

 

အကြွေးပြန်ဆပ်ဖို့အရေး ရုန်းကန်ရမယ်

 

အဲဒီအခါမှာတော့ အိမ်တွေဟာ အိမ်ငှားရမ်းခတွေ ပြန်ပေးရင်ပေး၊ တကယ်လို့မပေးခဲ့ဘူးဆိုရင်တော့ တခြား ကို ပြောင်းရွှေ့ရတော့မှာပါ။ ကိုဗစ် -၁၉ကပ်ရောဂါဆိုးကြီး ပြီးသွားတဲ့အခါကျရင် လူတွေဟာ အကြွေးတွေပြန်ဆပ်ဖို့ အတွက် ရုန်းကန်နေရတော့မှာပါ။ ဒီလိုဆိုရင်စီးပွားရေး တိုးတက်မှုနှုန်းဟာလည်း ရပ်တန့်နေလိမ့်မယ်လို့ ဆန်ဖရန်စစ္စကို ခရိုင်ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဟယ်လရီရိုနန်က ပြောပါတယ်။ ဒေသတွင်းက ရွေးကောက်ခံ ထားရတဲ့ ပုဂ္ဂိုလ်တွေ၊ ကယ်လီဖိုးနီယားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်၊ သမ္မတထရမ့်တို့ဆီ အိမ်ငှားရမ်းခပယ်ဖျက် ပေးဖို့၊ မြေရှင်တွေဆီပေးရမယ့် ပေါင်နှံခတွေကို ရက် တိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးကို အလျင်အမြန်ပဲ ပြန်လည်စတင်ဖို့ အစိုးရက စီစဉ်ထားပါတယ်။

 

 လုံလောက်တဲ့ပမာဏမဟုတ်

 

 

အလယ်အလတ်တန်းစားတွေနဲ့ ဝင်ငွေနိမ့်ပြည်သူ တွေကို ဒေါ်လာ ၁၂၀ဝ ပေးဖို့ အစီအစဉ်ကလည်း ပါဝင်ပါ တယ်။ ဒါပေမယ့်လည်း ငှားရမ်းမြင့်တဲ့နေရာတွေမှာ နေထိုင်ရတဲ့ပြည်သူတွေအတွက်တော့ ဒါဟာလုံလောက် တဲ့ပမာဏ ဖြစ်မနေပြန်ပါဘူး။ ဆန်ဖရန်စစ္စကိုမှာဆိုရင် တစ်လအိမ်ငှားရမ်းခဟာ ဒေါ်လာ ၃၅၀ဝ ကနေ ၃၇၀ဝ ကြားမှာ ရှိပါတယ်။ နေအိမ်တွင်း၌သာနေဖို့ အမိန့်ထုတ်ပြန်ထားတဲ့ကာလအတွင်း အိမ်ငှားခတွေကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် အိမ်ငှားနေထိုင်သူတွေကို ထောက်ပံ့ကြေးပိုမို ပေးဖို့လိုလိမ့်မယ်လို့ ရိုနန်ကပြောပါ တယ်။ တကယ်လို့ များ အဲဒီနှစ်ချက်စလုံးမှာ တစ်ချက်မှ မလုပ်ဆောင်ခဲ့ဘူး ဆိုရင် လူအများကြီး အိမ်ပေါ်ကနေ နှင်ချခံရတာဖြစ်မယ်။ ဒါဆိုရင် လမ်းပေါ်ရောက်လာတဲ့ အိမ်ရာမဲ့အရေအတွက်ဟာ ပိုပိုပြီးများပြားလာလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။

 

ဆက်လက်ရပ်တည်ဖို့မလွယ်

 

အသက် ၄၄ နှစ်အရွယ် ရစ်ကီကတော့ တစ်လကို ဒေါ်လာ ၁၆၀ဝ ပေးရတဲ့ အိမ်အတွက် ငှားရမ်းခကို ပြီလ အတွင်း ဒေါ်လာ ၆၀ဝ သာပေးနိုင်ခဲ့ပါတယ်။ သူနေတဲ့ အဆောက်အအုံက လူတွေကို အိမ်ငှားခမပေးရရေး ဦးဆောင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။ ရစ်ကီရဲ့ အမျိုးသမီးဟာ ကိုဗစ် -၁၉ ကာလအတွင်းမှာ အလုပ် လက်မဲ့ ဖြစ်သွားသလို အသက် ၂၂ နှစ်အရွယ်သမီးကလည်း အိမ်မှာ လာနေပါတယ်။ သူတို့မိသားစုအတွက် နောက် ထပ် အိမ်ငှားခပေးဖို့ မလွယ်ပါဘူး။ မေလအတွက် သူတို့မိသားစု ဘယ်လိုဆက်ပြီး ရှင်သန်ရမယ်ဆိုတာ မသိတော့ဘူးလို့ သူကဆက်ပြောပါတယ်။ ဆက်လက် ရပ်တည်ဖို့လည်း မလွယ်တော့ပါဘူး။

 

ရာဇဝတ်မှုထူပြောလာနိုင်

 

 

အိမ်ငှားခတွေ မပေးရရေး လှုပ်ရှားမှုမှာ လူတွေအများကြီးပါဝင်လာမှ အောင်မြင်မှုရလိမ့်မယ်လို့ နယူး ယောက်မြို့သားတစ်ဦးဖြစ်တဲ့ ဖီဒရစ်ဆက်က ပြောပါတယ်။ သူဟာ မိသားစုနေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖို့ မတတ်နိုင်တော့တဲ့ မိသားစုတွေအတွက်  လှူဒါန်းမှုတွေပြုလုပ်ဖို့ တောင်းခံပေးတဲ့သူ လည်းဖြစ်ပါ တယ်။ ကိုဗစ် -၁၉ ကပ်ရောဂါစတင်ဖြစ်ပွား ချိန်ကစလို့ သူကောက်ခံထားတဲ့ငွေကြေး အမေရိကန်ဒေါ်လာ  ၁၇၀ဝ၀ဝ ခန့်ကို လိုအပ်တဲ့လူတွေဆီ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။လူတွေအကြွေးနွံထဲက ရုန်းထွက်နိုင်ဖို့အရေး  အိမ်ငှားခတွေ ပြန်လည်ပေးဆောင်ရေးကို အစိုးရဘက်က ပလပ်ပေးဖို့ တောင်းဆိုသူလည်းဖြစ်ပါတယ်။ ဒီအကြွေး တွေကို ပြန်ဆပ်ဖို့ဆိုရင် လူတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပိုက်ဆံရှာရပါတော့မယ်။ အဲဒီအခါမှာ ရာဇဝတ်မှုတွေ လည်း ပိုပြီးထူပြောလာနိုင်တယ်လို့ သူကဆက်ပြောပါ တယ်။ ကိုဗစ် -၁၉ ရောဂါဆိုးကြီး လွန်မြောက်ပြီးတဲ့ စီးပွားရေးအခြေအနေ ဘယ်လိုရှိမလဲဆိုပြီး တွေးပူနေရသလို လက်ရှိမှာလည်း ဒီကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင် နေရဆဲကာလဖြစ်လို့ အိမ်ပြင်တောင် မထွက်ဝံ့တဲ့ ဘဝကို ကမ္ဘာပေါ်က ပြည်သူအများ ခံစားနေရပါတယ်။

 

ကိုးကား -အေအက်ဖ်ပီ