စားနပ်ရိက္ခာဖူလုံမှုနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရ WFP

မောင်ခိုင်မာ

(အထက်မင်းလှ)

 

နှစ်သန်းပေါင်း ၄၅ဝဝ သက်တမ်းရှိသော ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ကမ္ဘာ့လူဦးရေသည် လောလောဆယ်တွင် ၇ ဒသမ ၅ ဘီလီယံရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ၈ ဒသမ ၅ ဘီလီယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၇ ဘီလီယံ၊ ၂၁ဝဝ ပြည့်နှစ်တွင် ၁၁ ဒသမ ၂ ဘီလီယံသို့ ရောက်ရှိမည်ဟု ကုလသမဂ္ဂ၏ လူဦးရေအစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါလူဦးရေတိုးနှုန်းမှာ နှစ်စဉ် ၈၃ သန်းခန့် တိုးနေခြင်းဖြစ်ပေသည်။ ကမ္ဘာ့လူဦးရေဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက်အရ လူဦးရေတိုးပွားနှုန်းကိုတိုင်းတာရန် ၁၈၀၄ ခုနှစ်ကို အခြေခံစနစ်ဖြင့် သတ်မှတ်နှိုင်းယှဉ်ကြည့်လျှင် ၁၈၀၄ ခုနှစ် ကမ္ဘာ့လူဦးရေမှာ သန်း ၁ဝဝဝ၊ ၁၉၂၇ ခုနှစ်တွင် သန်း ၂ဝဝဝ၊ ၁၉၅၉ ခုနှစ်တွင် သန်း ၃ဝဝဝ၊ ၁၉၇၄ ခုနှစ်တွင် သန်း ၄ဝဝဝ၊ ၁၉၈၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် သန်း ၅ဝဝဝ၊ ၁၉၉၉ ခုနှစ်တွင် သန်း ၆၀၀၀၊ ၂၀၁၁ ခုနှစ်တွင် သန်း ၇ဝဝဝ ဖြစ်ရာ ယခင်ကလူဦးရေသန်း ၁ဝဝဝ တိုးပွားရန် ၁၂၃ နှစ်၊ ၃၂ နှစ်၊ ၁၅ နှစ် စသည်ဖြင့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ လူဦးရေ သန်း ၁ဝဝဝ တိုးပွားရန် ၁၂ နှစ်သာ ကြာခဲ့သည်ကို တွေ့ရသည်။ လူဦးရေနှစ်ဆတိုးသည့်သဘော ဖြစ်နေသည်။

 

လူဦးရေပေါက်ကွဲမှု

ဤသို့ အဆမတန် တိုးပွားများပြားလာသောကြောင့် လူဦးရေပေါက်ကွဲခြင်းကို မစ္စတာ ပေါလ် (Paul Ehrlich) က ၁၉၈၆ ခုနှစ်တွင် The Population Bomb စာအုပ်၌ ဖော်ပြလှုံ့ဆော်ခဲ့သည်။ မစ္စတာမဲဒါး (Mr. Meadows ET.AL) က လူဦးရေသယံဇာတ မညီမျှမှု(The Limit of Growth) ဟူသောစာအုပ်ဖြင့် ၁၉၇၂ ခုနှစ်က သတိပေးခဲ့ သည်။ မြို့နေလူဦးရေကိုကြည့်လျှင်လည်း ၁၉၅ဝ ပြည့် နှစ်များတွင် သန်းပေါင်း ၇၅၀ ခန့် (ကမ္ဘာ့လူဦးရေစုစုပေါင်း ၏ ၄၄ ရာခိုင်နှုန်း) သို့လည်းကောင်း၊ ၂ဝဝဝ ပြည့်နှစ်တွင် သန်းပေါင်း ၂၈၅ဝ ခန့်သို့လည်းကောင်း တိုးမြင့်လာပါ သည်။ ၂ဝ၅ဝ ပြည့်နှစ်တွင် ၆၆ ရာခိုင်နှုန်းအထိ ဖြစ်လာ နိုင်ကြောင်း ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်တွင် လူဦးရေစုစုပေါင်းမှာ ၅၁၄၈၆၂၅၃ ဦး ရှိခဲ့သည်။ ၁-၁၀-၂၀၁၇ စာရင်းအရ ၅၃ ဒသမ ၃၉ သန်းရှိ လာသည်။ ၂ဝ၅ဝ ပြည့်နှစ်တွင် ၆၅ သန်းခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့လူဦးရေတစ်စတစ်စ တိုးပွားမှုက စားနပ်ရိက္ခာ ဖူလုံရေးအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင် သုံးစွဲရေး အစရှိသဖြင့် ကဏ္ဍများစွာကို သက်ရောက်စေပါ သည်။ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက် စိန်ခေါ်နေသည်။ စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်း၊ အာဟာရ မပြည့်ဝခြင်းတို့ကြောင့် အကျိုးဆက်အားဖြင့် ကျန်းမာ ရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေပါသည်။

 

စားနပ်ရိက္ခာဖူလုံမှု

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး၏ အဆိုအရ ကမ္ဘာ ကြီးတွင်ရှိသော လူဦးရေ ၇ ဘီလီယံကျော်အနက် လူဦးရေ ၈၄၂ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေကြရကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ ၏ ၁၂ ရာခိုင်နှုန်းနီးပါးခန့်သည် စားနပ်ရိက္ခာဖူလုံရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့အတူ ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Programme - WFP) အဆိုအရ ယနေ့ကလေးသူငယ် ၃၁ သန်းမှာ စားနပ်ရိက္ခာအခက်အခဲဖြစ်နေပြီး ၁၅ စက္ကန့်လျှင် ကလေးငယ်တစ်ဦးနှုန်း သေဆုံးနေပြီဖြစ် ကြောင်း သိရသည်။ စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်း၊ ဆာလောင်မွတ်သိပ်မှု ဖြစ်ခြင်းအပြင် စားရသည့်အစား အစာတွင်လည်း အာဟာရမပြည့်စုံမှုကြောင့် နောက် ဆက်တွဲရောဂါများ ခံစားရပြီး နှစ်စဉ်အသက် ငါးနှစ် အောက် ကလေးငယ်ငါးသန်းခန့် အသက်ဆုံးရှုံးနေရ ကြောင်း၊ ဆင်းရဲသောနိုင်ငံများရှိ ကလေးသူငယ် ၁ဝ ဦးတွင် လေးဦးမှာ အာဟာရချို့တဲ့မှုကြောင့် ကိုယ် ခန္ဓာနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေကြကြောင်း သိရသည်။

 

စားနပ်ရိက္ခာသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ အဓိက ရရှိခြင်းဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် စိုက်ပျိုး နိုင်သော မြေဧရိယာ၏ ၇၀ ရာခိုင်နှုန်းမှာ ကောက်ပဲသီးနှံ များ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ကမ္ဘာ့လူဦးရေ အားလုံး အတွက် လုံလောက်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ ပေါ်တွင် ၂၅ နိုင်ငံမြောက် စိုက်ပျိုးမြေဧရိယာ အများဆုံး နိုင်ငံအဆင့်တွင် ရှိနေကြောင်း သိရသည်။ စားနပ်ရိက္ခာ လိုအပ်ချက်နှင့်ပတ်သက်၍ FAO ၏ အစီရင်ခံစာအရ ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု ခန့်မှန်းခြေအားဖြင့် ၆၀ ရာခိုင်နှုန်းခန့် တိုးတက် ထုတ်လုပ်ရန်လိုအပ်ပြီး စိန်ခေါ်မှုများစွာရှိနေကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအရင်း အမြစ်များ ခြိမ်းခြောက်ခံနေရကြောင်း၊ ရာသီဥတုနှင့် လိုက်ဖက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထူထောင်ရန် လိုအပ်ကြောင်း သိရသည်။ အာရှဒေသ စားနပ်ရိက္ခာ ထုတ်လုပ်မှုတွင် ကောက်ပဲသီးနှံ မက်ထရစ်တန်သန်းပေါင်း ၃ ဒသမ ၄၄ တန်အား ၁၉၇၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုးမြှင့်ထုတ်လုပ်ရမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအနေဖြင့် မက်ထရစ်တန်သန်းပေါင်း ၅ ဒသမ ၅ တန် တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ဤရည်မှန်းချက်ကို အကောင်အထည် ဖော်ရာတွင် လူဦးရေတိုးလာသော်လည်း အကန့်အသတ် ဖြင့်သာ တည်ရှိနေသည့် စိုက်ပျိုးမြေကား တိုးချဲ့မရနိုင်ပါ။ အထွက်တိုးရေးကို အဓိကထား ဆောင်ရွက်ရမည်။ ထို့အပြင် လူဦးရေတိုးပွားမှုကြောင့် မြို့ပြတိုးချဲ့ခြင်း ကလည်း စိုက်ပျိုးမြေကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေသည်။ ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ လူဦးရေနှင့် လိုက်လျောညီထွေရှိသော စားနပ်ရိက္ခာ ထုတ်လုပ်မှု လိုအပ်ချက်ကို ကြိုးပမ်းရာတွင် ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းသွားလာမှုကြောင့် လယ်ယာကုန် ထုတ်လုပ်မှုအတွက် လုပ်အားနည်းပါးမှုကို ကမ္ဘာနှင့် အဝန်း ကြုံတွေ့နေရသည်။

 

နိုင်ငံပေါင်း ၉ဝ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့အစည်း တစ်ခုဖြစ် သည့် Oxfam က ရာသီဥတုဖောက်ပြန်မှု မြင့်မားလာ သည့်အတွက် အာဖရိကတိုက်တွင် ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ရင်ဆိုင်နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။ ထို့အတူ ‘‘ ရာသီဥတု ဖောက်ပြန်မှုဟာ ကမ္ဘာမြေ ကြီးကို အကြီးအကျယ် ဒုက္ခပေးနေပါတယ်။ ကျွန်တော်တို့ ရဲ့ သုတေသနလုပ်ဆောင်ချက်တွေအရ ငတ်မွတ်ခေါင်းပါး မှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ လူဦးရေပမာဏဟာ သန်းနဲ့ ချီပြီး မြင့်တက်လာဖို့ ရှိပါတယ်’’ ဟု IPCC ဒုတိယ ဥက္ကဋ္ဌ “ ဖန်မာအို’’ က ပြောကြားသည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)

အဆိုပါ အခက်အခဲများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက လျစ်လျူရှု၍ မနေသာတော့ဘဲ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ကနေဒါနိုင်ငံ ကွီဘက် မြို့(Quebec) ၌ ကွီဘက်ညီလာခံကြီး ကျင်းပခဲ့ပြီး စားနပ် ရိက္ခာဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ကြပြီးလျှင် အတ္တလန္တိတ်စာချုပ်တွင် ဖော်ပြထားသည့် ‘‘ ကမ္ဘာတစ်လွှားရှိ လူသားတစ်ရပ်လုံး မတောင့်မတ၊ မကြောင့်မကြနှင့် ငြိမ်းချမ်းစွာ နေထိုင်စားသောက်ရန်’’ ဟူသည့် ဦးတည်ချက်ဖြင့် ‘‘ ကမ္ဘာ့ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) (The food and Agri- cultural Organization- FAO) ကို ဖွဲ့စည်းလိုက်သည်။

 

အဆိုပါအဖွဲ့ စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ်အောက်တိုဘာ ၁၆ ရက်ကို ‘‘ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) အဖြစ် ကျင်းပ ရန် ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အကြိမ် (၂၀) မြောက် FAO ညီလာခံမှသတ်မှတ်ကာ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများက ကျင်းပနေကြခြင်း ဖြစ် သည်။ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားများကို လူသား အားလုံးသည် စားနပ်ရိက္ခာဖူလုံစွာရရှိရန် အခွင့်အရေး ရှိသည်ဟူသော သဘောတရားများကို ကမ္ဘာသူ ကမ္ဘာသား များ သိရှိစေရန်။ ဆာလောင်မွတ်သိပ်နေသူများအား ကိုယ်ချင်းစာနာနိုင်ရေးနှင့် အာဟာရပြည့်ဝစွာရရှိရေး အတွက် လိုအပ်ချက်များကို ကမ္ဘာတစ်ဝန်းရှိပြည်သူများ အားလုံးသိရှိစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် အနှစ် သာရရှိရှိ ကျင်းပနေကြသည်။

 

FAO အဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၄ နိုင်ငံရှိပြီး ဌာနချုပ်မှာ အီတလီနိုင်ငံ ရောမမြို့တွင် တည်ရှိသည်။ FAO အဖွဲ့၏ရည်ရွယ်ချက်များမှာ -

(၁) အာဟာရပြည့်ဝရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန်။

(၂) လယ်ယာ၊ သစ်တော၊ သားငါးလုပ်ငန်းများမှ ထွက် ရှိသော စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ကို ထုတ်လုပ်ဖြန့်ဖြူးရာတွင် အရည်အသွေး တိုးတက်ကောင်းမွန်လာစေရန်။

(၃) ကျေးရွာလူထု၏ လူနေမှုဘဝတိုးတက်ကောင်းမွန် လာစေရန် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုရန်။

(၄) ကမ္ဘာ့ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းဝေးစေရန်ဟူ၍ ဖြစ်သည်။

 

FAO အဖွဲ့၏လုပ်ငန်းများမှာ (၁) အခြေခံ မြေဆီ လွှာနှင့် ရေသယံဇာတအရင်းအမြစ်များ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း။ (၂) မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန် များ ကာကွယ်စောင့်ရှောက်ရေးနှင့် တိုးပွားရေးကို ဆောင်ရွက်ခြင်း။ (၃) လယ်ယာစိုက်ပျိုးရေး၊ သစ်တော ထိန်းသိမ်းရေး၊ သားငါးလုပ်ငန်းတို့တွင် စက်မှုသိပ္ပံပညာ ရပ်များဖြင့် ပံ့ပိုးဆောင်ရွက်ခြင်း။ (၄) အပင်မျိုးရိုး ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြေဩဇာနှင့် ပိုးသတ်ဆေး များ သင့်လျော်စွာအသုံးချရေးကို အားပေးဆောင်ရွက် ခြင်း။ (၅) စားနပ်ရိက္ခာ စီမံခန့်ခွဲရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးကိုဆောင်ရွက်ခြင်း။ (၆) ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကိုကူညီဆောင်ရွက်ခြင်း။ (၇) ဆည် မြောင်းတာတမံ လုပ်ငန်းများ ကူညီဆောင်ရွက်ခြင်း တို့ကို သက်ဆိုင်ရာနိုင်ငံများသို့ ပူးပေါင်းကူညီဆောင် ရွက်ပေးလျက်ရှိသည်။

 

FAO အဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ် ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ရပ်အနက် ပန်းတိုင် (၂) ဖြစ်သော ‘‘ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ် ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှုတိုးတက် ရေးနှင့် စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဖြစ်ပေါ်တိုးတက် ရေး” ဟူသည့် ပန်းတိုင်ကိုလည်း ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များဖြစ်ကြသည့် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ ရန်ပုံငွေ (IFAD) ၊ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

 

ငြိမ်းချမ်းရေးနိုဘယ်ဆုရ WFP

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ၁၉၆၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ တစ်နှစ်လျှင် လူသန်းပေါင်း ၉၀ ကျော်အား အစားအစာ များ ဖြန့်ဖြူးနိုင်ခဲ့သည်။ WFP သည် ဆာလောင်မှုကို တိုက်ဖျက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ဆာလောင်မှုကို လက်နက်အနေဖြင့် စစ်ပွဲများ၊ ပဋိပက္ခ များ ဖြစ်ပွားရာနေရာများတွင် အသုံးပြုနေမှုကို ကာကွယ်ဆောင်ရွက်ခဲ့မှုတို့ကြောင့် ‘‘ ၂ဝ၂ဝ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု’’ ကိုပင် ချီးမြှင့်ခဲ့ရကြောင်း သိရသည်။ ဆုရွေးချယ်ရေးအဖွဲ့က A Hunger World is not a peaceful world" (ဆာလောင်မွတ်သိပ်နေ သော ကမ္ဘာသည် ငြိမ်းချမ်းသော ကမ္ဘာမဖြစ်နိုင်) ဟူသော သဘောတရားဖြင့် ဆုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အနှစ်ချုပ်စကားဆိုရပါလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးနှင့်အတူ လက်အောက်ခံ အဖွဲ့အစည်းများက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ ဆင်းရဲ မွဲတေမှု စားနပ်ရိက္ခာချို့တဲ့မှုများကို ကမ္ဘာမြေပေါ်မှ လျော့နည်းပပျောက်အောင် ကြိုးပမ်းဆောင်ရွက်နေချိန် တွင် ကျွန်ုပ်တို့ကလည်း စားနပ်ရိက္ခာထုတ်လုပ်သူအဖြစ် လည်းကောင်း၊ စနစ်ကျသော စားသုံးသူအဖြစ်လည်း ကောင်း ကျရာကဏ္ဍမှ တာဝန်ကျေကျေ စွမ်းအားပြည့် ပါဝင်ဆောင်ရွက်ကြပါရန် တင်ပြတိုက်တွန်းလိုက်ရ ပါသည်။ ။