စာပေကို မြှင့်တင်သည့် အခါသမယ နတ်တော်လ

mdn

သတင်းဆောင်းပါး - ဒေါက်တာမောင်ဖြေ

 

မြန်မာနိုင်ငံတွင် ဥတုသုံးပါးရှိသောကြောင့် ပူခြင်း၊ အေး ခြင်းတို့ဖြစ်ပြီး ကောက်ပဲသီးနှံ၊ ပန်းမန်၊ သစ်ဝါးတို့သည် စဉ်ဆက်မပြတ် ဖြစ်ထွန်းနေ၏။ မြန်မာနိုင်ငံ၏ ပထဝီ အနေအထားသည် တောမြိုင်၊ လျှိုမြောင်၊ ကုန်းခေါင်ချိုင့် ဝှမ်း၊ တောတန်းတောစွယ် အသွယ်သွယ်တို့ဖြင့် ပြည့်စုံနေ သည်။ ထွန်ယက်စိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား သည့် မြန်မာတို့သည် ထိုပတ်ဝန်းကျင်ရှိသော တောတောင် ရေမြေသဘာဝအလှနှင့် အမြဲတစေထိတွေ့နေကြ၏။ ထို့ကြောင့် မြန်မာလများအကြောင်းကို စကားပြေ၊ ကဗျာလင်္ကာတို့ဖြင့် ဖွဲ့နွဲ့ကြမည်ဆိုလျှင် မည်သည့် လရာသီ၌ မည်သည့်ပန်းပွင့်သည်ဟူသောအချက်ကို အဓိကရေးသားလေ့ရှိသည်။ ရှေးရှေးကစာဆိုတို့သည် လည်း လရာသီနှင့် ပွင့်သောပန်းကိုယှဉ်၍ စပ်ဆိုသော ကဗျာလင်္ကာစုံလင်လှသည်။

 

ဤလသည် ဟေမန္တဆောင်းရာသီသို့ ရောက်စ အခါသမယပင်ဖြစ်၏။ မိုးရာသီတို့ကုန်ခဲ့ပြီဖြစ်သော် လည်း ကောင်းကင်ပြင်ဝယ် အညို၊ အပြာ စသည့် အရောင်များက အကန့်လိုက်ဆင်သောတိမ်တိုက် များကြောင့် မိုးသားတို့ကလည်း မငြိမ်မသက်လှုပ်ရှား တတ်ကြ၏။ ရှေးကမြန်မာတို့က "နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်" ဟူ၍ မိုးလင်္ကာဖြင့် မှတ်သား ခဲ့ကြသည်။ "စခန်းမှ ကြည်လင်၊ တောင်လည်း သာမော၊တောလည်းပျိုနု၊ မြအထုမှာ၊ ပုလုကွေးထွေး၊ ငှက်တဝေး လည်း ချစ်ရေးကြင်လို့" ဟူ၍ နတ်တော်လ၌ သာယာသော တောတောင်ရေမြေတို့တွင် ကျေးငှက်သာရကာတို့၏ ပျော်မြူးကြသည်ကို စာဆိုမယ်ခွေက သတိတရဖြင့် ရင့်ကျူးခဲ့ကြသည်။

 

"ဒွါဒသရဆယ့်နှစ်လဝယ်၊ ဒေဝနတ်များ၊ ပျော်ပါး ကဲဆ၊ လွန်ရွှင်ပျ၍၊ နတ်တော်လတွင်" ဟူသော မဟာ ဥပရာဇ်ဧချင်းကိုထောက်၍ နတ်တော်လသည် နတ်တို့ ပျော်မြူးလေ့ရှိသည်ကို အကြောင်းပြုကာ "နတ်ပျော်လ" ဟုခေါ်ဆိုရာမှ "နတ်တော်လ" သို့ရွေ့ လျားလာသည်ဟု ယူဆသူက ယူဆသည်။

 

နတ်တော်လတွင် ၂၉ ရက်ရှိသည်။ နာရီအားဖြင့် နေ့ ၂၆ နာရီ၊ ည ၃၄ နာရီရှိ၏။ နေ့တာတိုပြီး ညတာရှည်၏။ | ရာသီအလိုအားဖြင့် ဓနုရာသီခေါ်ဆို၏။ ဤလတွင် ဟင်္သာတာရာထွန်းပ၏။ ရာသီ၏ရုပ်သည် အထက်ပိုင်း သည် လူ၊ အောက်ပိုင်းသည် မြင်းပုံသဏ္ဌာန်ရှိလျက် လေးမြားကိုင်ထားဟန်ဟု ယူ၏။ အနောက်တိုင်း နက္ခတ် ပညာရှင်တို့၏ အယူအဆမှာ ရှေ့ပိုင်းလူ၊ နောက်ပိုင်းမြင်းပုံ၊ လေးနှင့်မြားကိုင်ထားသော သဏ္ဌာန်ရှိသည်ဟု ယူဆကြသည်။

 

သားပုတ္တာခြံရံကင်း ကွင်းကြနတ်တော်ဟူသော စာဆိုအရ ဤလတွင် ထိမ်းမြားလက်ထပ်ခြင်းတို့ ရှောင်ကွင်း သည်။ ရက်မြတ်ရက်ရာဇာမှာ "သာလုံး နတ်တော်" စာအရ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ် သည်။ ရက်ညံ့ပြဿဒါးမှာ ကြာသပတေးနေ့နှင့် စနေနေ့ တို့ ဖြစ်သည်။

 

နတ်တော်လတွင် ထင်ရှားသောပန်းမှာ သဇင်ပန်း ပင်ဖြစ်သည်။ ဆယ့်နှစ်လရာသီတွင် ဖူးပွင့်ဝေဆာနေသော ပန်းတို့ကိုကြည့်ခြင်းအားဖြင့် "ရာသီမသိ ပန်းနှင့်ညှိ" ဟု အဆိုရှိသည်။ သို့ဖြစ်၍ သဇင်ပန်းကိုမြင်လျှင် နတ်တော်လ ဟု သိကြပေသည်။ ။

 

ဆယ့်နှစ်လရာသီတွင်ပွင့်သောပန်းများကို အမှုန့်ပြု၍ ပျားရည်နှင့်ရောစပ်မှီဝဲပါက ဆေးဖက်ဝင်သဖြင့် ကျန်းမာ ရေးကို ကောင်းမွန်စေသည်ကို ဆေးကျမ်းအချို့တွင် တွေ့ရ သည်။ ထို့ကြောင့် နတ်တော်လတွင် ပွင့်သောသဇင်ပန်း၊ ဂမုန်း ပန်းတို့ကို အမှုန့်ပြုလျက် ပျားရည်နှင့်သုံးဆောင်ပါက ဆေး ဖက်ဝင်၍ ကျန်းမာရေးကောင်းမွန်စေသည်။ ယောမင်းကြီး ဦးဖိုးလှိုင်က ဥတုဘောဇနသင်္ဂဟကျမ်းတွင် နတ်တော်လကို တန်ဆောင်မုန်းလနှင့်ယှဉ်တွဲ၍ “တန်ဆောင်မုန်း၊ နတ်တော် နှစ်လသည် ဟေမန္တဥတုမည်၏။ လောကသည်အေး၏။ လောကမခြောက်၊ ဆီးနှင်းများ၏။ ကျီး၊ ကျွဲ၊ သိုး၊ ဆင်တို့ မြူးထူးကုန်၏။ သစ်မည်စည်၊ ဆီးဖြူ၊ ခဝဲ၊ ခတ္တာ၊ ဂမုန်း၊ သဇင်စသောပန်းတို့သည် ပွင့်ကုန်၏”လို့ ဆိုထားသည်။

 

ရှေးဘုရင်များလက်ထက်က ရွှေသိုင်းများဆောင်ကာ ဘုရင်မင်းမြတ်အား ဆက်သရမြဲဖြစ်သော ပန်းမြတ်သဇင်တို့ ဤနတ်တော်လတွင် ဖူးပွင့်မြဲဖြစ်ကြောင်းကို ရည်စူး၍ ရှင်ဥတ္တမကျော်က "ရွှေသိုင်းဝင့်ချီမိုးရင့်သီလျက်၊ မတီကေတု၊ တိုင်းဇေယုက၊ သမ္မုတိမှန်၊ ကေသာနှံသည်၊ ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊ ဥကင်မြင့်အောင်၊ ရနံ့လောင်ခဲ့" ဟု စပ်ဆိုခဲ့သည်။

 

လမြတ်နတ်တော် ကောက်သစ်ပေါ်သည့် ကာလ ဖြစ်ခြင်းကြောင့် တောင်သူလယ်သမားများ ပျော်မြူးကြ သောရာသီလည်း ဖြစ်သည်။ ကောက်သစ်စားပွဲများလည်း ကျင်းပကြသည်။ ရှေးလူကြီးများက "လနတ်တော်မုန့် ဆန်းလှော်"ဟု ဆိုရိုးရှိခဲ့သည်။

 

နတ်တော်လဟုတွင်သည်မှာ နတ်ကိုပူဇော်ပသရ သောကြောင့် ဖြစ်သည်။ ရှေးအခါက ဗြဟ္မဏပုဏ္ဏားတို့သည် ဘုရင့်အပါး၌ ဘုရင်အား မြှောက်စားချီးကျူးလျက် လောကီ အကျိုးထူးများဖြစ်စေရန် ဖန်တီးပေးကြလေ့ရှိသည်။ နှစ်ရှည်ကြာလာသည့်အခါတွင် မြန်မာတို့၏ရိုးရာဓလေ့ ကဲ့သို့ မှတ်ယူစွဲလမ်းလာကြပြီး မြန်မာစာပေကျမ်းဂန်များ၊ လောကဓမ္မ၊ ရာဇရေးရာအဖြာဖြာတို့၌ပင် ဗြဟ္မဏတို့၏ အာဘော်များ ပါဝင်လာခဲ့သည်။ ရတနာပူရ အင်းဝ နန်းတည် ဘိုးတော်ဘုရင်လက်ထက်တွင် ဗြဟ္မဏပုဏ္ဏားတို့၏ဝါဒ  အဟောင်းအဆွေးများကို စာပေတို့မှ ထုတ်နုတ်သုတ်သင်၍မြန်မာစာပေကို သန့်စင်စေခဲ့သည်ဟု အဆိုရှိသည်။ ဗြဟ္မဏ ( ပုဏ္ဏားပညာရှိများကိုလည်း ဟူးရားသမားအဖြစ် သီးခြား ခန့်ထား၍ သက်ဆိုင်ရာတို့၌သာလျှင် အမှုထမ်းစေခဲ့သည်။

 

နတ်တော်လတွင် နတ်ပွဲသဘင်ကျင်းပကြသည်။  အပူဇော်ခံနတ်တို့နှင့်ပတ်သက်၍ ဝေါဟာရလီနတ္ထဒီပနီ ဆရာကြီးက ပူဇော်ပသသောနတ်တော်အကြောင်းကို နှစ်မျိုးဖွင့်ဆိုထား၏။ ပထမတွင် "ဂေါဇာနေမင်း၊ ဗြိစ္ဆာချင်း ၍ အစချီကာ ဟိတကာရီကျမ်းလင်္ကာကို ကိုးကားပြီးသဇင်ပွင့် ပေါ်လနတ်တော်ကား ပူဇော်ကြီး၊ မင်းဆရာတို့ မဟာပိန္နဲ၊ ရွှေပဲကြည်ငင်" ဟူသော ဦးအောင်ကြီး၏  ဆယ့်နှစ်လရာသီလူးတားဖော်ပြချက်အရ နတ်တော်လတွင် မဟာပိန္နဲနတ်မင်းကို ပူဇော်ပသလေ့ရှိကြသည်ဟု ဖွင့်ဆို၏။

 

ရာဇဝင်အဆိုအရ သက္ကရာဇ် ၂၂၆ ခုနှစ်တွင် ပုဂံခေတ် သေလည်ကြောင်မင်းလက်ထက်မှစပြီး ပုဂံမင်းအဆက် ဆက်တို့သည် မဟာဂီရိနတ်မောင်နှမကို ပုပ္ပားတောင်သို့ တက်ပြီး နှစ်စဉ်ပူဇော်ပသလေ့ရှိသည်ဟု တစ်မျိုးပြောဆို ပြန်သည်။ ပုဂံမြို့နှင့်အနီးတစ်ဝိုက်မှလူများသည် နှစ်စဉ် နတ်တော်လတွင် ကျွဲ၊ နွား၊ ဆိတ်၊ သေရည်စသည်တို့နှင့် ပူဇော်ကြသည်ဆို၏။ သက္ကရာဇ် ၉၁၈ ခုနှစ် ဟံသာဝတီ ဆင်ဖြူရှင်လက်ထက်ရောက်သောအခါမှ ထိုသို့တိရစ္ဆာန် များကို သတ်ဖြတ်ပူဇော်မှုသည် ဗုဒ္ဓဝါဒနှင့်ဆန့်ကျင်သည် ဆိုကာ တားမြစ်ခဲ့သည်။

 

နတ်တော်လတွင် နတ်ပူဇော်ပွဲကျင်းပခြင်းကို ပြောင်းလဲ၍ မြန်မာပညာရှိကြီးများအား ချီးမြှောက်ပူဇော် သောပွဲတော်ရာသီအဖြစ် သတ်မှတ်ခဲ့ကြသည်။ နတ်တော် လရာသီပွဲတော်တွင် စာပေပညာရှိကြီးများနှင့်တကွ ထူးချွန်သောပညာရှိကြီးများကိုလည်း ချီးမြှောက်ထောက်ပံ့ခဲ့ကြသည်။ ဘိုးတော်မင်းတရားကဲ့သို့ပင် မြန်မာ စာပေနှင့် ယဉ်ကျေးမှုတို့ကို ပြုစုလာခဲ့ကြရာ အင်းဝခေတ်မှ ရတနာပုံ ခေတ်သို့တိုင်အောင် မြန်မာစာပေ သမိုင်းသည် ပြောင် မြောက်သန့်စင်ခဲ့သည်။  သူ့ကျွန်ဘဝရောက်ခဲ့ရသော ကိုလိုနီခေတ်၌မူ မြန်မာစာပေသည် အားနည်းမှေးမှိန်ခဲ့ရသည်။ နိုင်ငံရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြား လာသောကိုလိုနီခေတ်နှောင်းပိုင်းကာလတွင် မြန်မာစာပေ သည် ပြန်လည်ဦးမော့လာခဲ့သည်။ မြန်မာစာရေး ဆရာများ၏ စုစည်းမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ၁၃၀၆ ခုနှစ်တွင် စာဆိုတော်နေ့ ကျင်းပနိုင်ရေးအတွက် စာရေးဆရာလူကြီးများစုဝေးညှိနှိုင်း၍ နှစ်စဉ် နတ်တော် လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့ ကြသည်။ စာရေးဆရာများအသင်း၏ ပထမဦးဆုံးသော စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့၊ ၁၉၄၄ ခုနှစ် နိုဝင်ဘာလတွင် ရွှေဂုံတိုင်လမ်း ကုန်းမြင့်ပေါ်ရှိ ဒေါ်ဒဂုန်ခင်ခင်လေးစာအုပ်တိုက် မျက်နှာ စာရှိ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။ ထူးခြားချက်မှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ မရှိသေးသောစာဆိုတော် နေ့ကြီး ပေါက်ဖွားလာပြီး အသက် ၈၀ ကျော် သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲမှာ နှစ်စဉ်အောင်မြင်စွာ ကျင်းပလာနိုင်ခြင်း ဖြစ်သည်။ သက်ကြီးစာပေ ပညာရှင်တို့အား ငွေသား၊ ဆေးဝါးများ၊ အသုံးအဆောင် များဖြင့် စည်ကားသိုက်မြိုက်စွာကန်တော့လျက်ရှိရာ များစွာ နှစ်သက်အားရဖွယ် ကောင်းလှသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ပြီးနောက်ပိုင်းကာလများတွင် တစ်သက်တာစာပေဆု၊ အမျိုးသား စာပေဆုများ။ စာပေဗိမာန်ဆုများကို ချီးမြှင့်လျက်ရှိသည်မှာ နှစ်စဉ် နှစ်တိုင်းပင် ကောင်းမွန်သောအစဉ်အလာတစ်ရပ်ပင် ဖြစ်နေပေသည်။ စာပေသည် အနုပညာအားလုံး၏ ကိန်းဝပ်ရာဖြစ်သည်သာမက ယဉ်ကျေးမှုအနုပညာ၏ အသက်သွေးခဲဖြစ်သည်။ အသိလိမ္မာ၊ ဉာဏ်ပညာထွန်း ကားစေရန်အတွက်လည်း အထောက်အကူပြုသည့် မီးရှူးတန်ဆောင်လည်း ဖြစ်သည်။ ထိုမီးရှူးတန်ဆောင်ဖြစ်သည့်စာပေများကို ရှေးရှေးသော ကျမ်းပြု အကျော်အမော်ဆရာတော်ကြီးများ၊ လူပညာရှိ၊ စာပေ ပညာရှိကြီးများက ရေးသားလမ်းညွှန်ကြသည်။ စာပေများ သည် ယနေ့တိုင် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် တည်တံ့ထွန်းကားနေခဲ့ပေသည်။

 

ယင်းသို့တည်တံ့နေခြင်းမှာလည်း ပုဂံ၊ ပင်းယ၊ အင်းဝမှသည် ခေတ်အဆက်ဆက်အတွေးအခေါ်၊ အလိမ္မာ၊ ယဉ်ကျေးမှုစသည်တို့ကို ပေထက်တွင်ရေးခြစ်၍လည်းကောင်း၊ ကျောက်ထက်တွင် ထွင်း၍လည်းကောင်း၊ စာရွက်ပေါ်တွင် ပုံနှိပ်၍လည်းကောင်း ထိန်းသိမ်းခဲ့ကြသည်။ အဆိုပါ စာပေတို့အား စာပေပညာရှင်များ ကလေ့လာ မှီငြမ်းမှတ်တမ်းတင်၍ ဆည်းပူးနေကြသည်။ လူမျိုးတစ်မျိုး ၏ အသက်ဝိညာဉ်ဖြစ်သည့်စာပေသည် တိုင်းပြည်၏ ဂုဏ် ယဉ်ကျေးမှုကြွယ်ဝစေရန်အတွက် ဇာတိဂုဏ်ကို ဖော်ထုတ်ထိန်းသိမ်းလာခဲ့ကြသည်။ နိုင်ငံတော် တည် ဆောက်ရာတွင် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ် များဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးတွင် ဘက်စုံဖွံ့ဖြိုးစေရန်အတွက် စာပေကိုမြှင့်တင်လျက်ရှိ သည့်အခါသမယ နတ်တော်လဟု ဆိုရမည်ဖြစ်ပေသည်။