စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)နှင့်ပတ်သက်၍ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်  ၃၀  နိုဝင်ဘာ

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Overview of Copyright and Related Rights in Myanmar Webinar) ကို နိုဝင်ဘာ  ၂၉ ရက် ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဗီဒီယိုမက်ဆေ့ပေးပို့၍ အမှာစကား ပြောကြားရာတွင်  စာပေမူပိုင်ခွင့်နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်ကို အထူးပြောစရာမလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်သည့်၊ ဦးဆောင်တက်ရောက်နေကြသည့် စာပေ ပညာရှင်များကိုယ်တိုင်လည်း  အသိဖြစ်ပါကြောင်း၊ အလျဉ်းသင့်၍ ပြောကြားလိုသည်မှာ စာပေသမားများ၊ အဓိက စာပေမူပိုင်ခွင့်နှင့် ပတ်သက်သည့် စာပေဖန်တီးသူများ မိမိတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးကို Copyright ဟု ပြောပါကြောင်း၊ Related Rights သည် ပိုမိုကျယ်ပြန့်ပါကြောင်း။

 

Copyright ကို အလွယ်တကူပြောမည်ဆိုပါက ကော်ပီရိုက်ခွင့်၊ ရေးသားထားသည့် စာတစ်ခုကို မိတ္တူအများအပြား ထုတ်ဝေဖြန့်ချိခွင့်ဟု အကြမ်းဖျင်းနားလည်ပါကြောင်း၊ ထိုအခွင့်အရေးသည် ဖန်တီးရေးသားသူတွင်ရှိသည်ဟု နားလည်ပါကြောင်း၊ အဆိုပါအခွင့်အရေး မဆုံးရှုံးစေရန်၊ ရသင့်ရထိုက်သမျှ ပြည့်ပြည့်ဝဝရရန်၊ ထို့နောက် Related Rights ဟု ပြောသည့်အတိုင်း ဆက်ပြီးဆင့်ပွားအနေဖြင့် ရုပ်ရှင်၊ e-books စသဖြင့်တို့တွင်လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် ကိစ္စများနှင့်ပတ်သက်၍ ယနေ့ဆွေးနွေးကြမည်ဟု နားလည်ထားပါကြောင်း။

 

စာပေဖန်တီးသူများအနေဖြင့် ၎င်းတို့ဖန်တီးသည့် စာပေထဲတွင်၊ အနုပညာထဲတွင် ဈာန်ဝင်ပြီး ဖန်တီးသည့်အလုပ်ကို လုပ်ကိုင်နေရပါက လုပ်နိုင်သော်လည်း မူပိုင်ခွင့်ကိစ္စများ၊ တရားရုံးကိစ္စများ၊ ဉပဒေပိုင်းဆိုင်ရာများ၊ ငွေရေးကြေးရေး ကိစ္စများတွင် မိမိတို့ အနုပညာသမား၊ စာပေသမားများသည် အာရုံဝင်စားမှုမရှိပါကြောင်း၊ စိတ်မရှည်ပါကြောင်း သို့မဟုတ် ထိုအရာများကို ထဲထဲဝင်ဝင်နားလည်ရန် လေ့လာရန် အတော်ဝန်လေးကြသည်ဟု ထင်မြင်ပါကြောင်း၊ ထို့ကြောင့် စာပေသမား၊  အနုပညာသမားများတွင် နစ်နာဆုံးရှုံးမှုများ များစွာရှိနေသည်ဟု မိမိစဉ်းစားပါကြောင်း။

 

မူပိုင်ခွင့်ကိစ္စတွင် ယခင်ကဆိုလျှင် ပုံနှိပ်စာအုပ်စာတမ်းနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကိစ္စသည်ပင် အတော်ရှုပ်ထွေး ပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာ၊ အွန်လိုင်းမီဒီယာ၊ အီလက်ထရောနစ်မီဒီယာခေတ် ဖြစ်လာသည့်ခါ ပို၍ပင် ရှုပ်ထွေးပါကြောင်း၊ စာအုပ်၏ အသွင်သဏ္ဍာန်သည် အမျိုးမျိုးပြောင်းလဲလာသည့်အတွက် ဉပဒေကြောင်းဆိုင်ရာ၊ ပိုင်ဆိုင်မှုပိုင်းဆိုင်ရာ အသေးစိတ်များ အတော်ရှုပ်လာပါကြောင်း၊ ပြည်တွင်းတင်မက အခြားတိုင်းပြည်များ အထိပါ ဆက်စပ်လုပ်ကိုင်ရသည်များ ရှိပါကြောင်း။

 

ယနေ့စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီသည် ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းစတင်နေပြီဟု နားလည်ပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဖြစ်မြောက်ရေးကော်မတီအဆင့်တွင် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်နေသည် များရှိပါကြောင်း၊ ကော်မတီအနေဖြင့် မူလဘူတ ကော်မတီဖြစ်မြောက်ရေးတာဝန်၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ပြန့်ပွားရေးတာဝန်နှင့် ကြားကာလတွင် ပြဿနာများညှိနှိုင်း ဖြေရှင်းပေးရေးဆိုသည့် တာဝန် ၃ ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညို က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မူပိုင်ခွင့်အသိပညာပေး Video Clip ကို ပြသခဲ့သည်။

 

ထို့နောက် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဆရာဦးသန်းမောင် (စစ်တွေ)က “စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)၏ သိမှတ်ဖွယ်ရာမှတ်စုအကျဉ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးမြတ်ခိုင်၊ ဆရာဦးဇော်ထွဋ်နှင့် ဆရာမ ပုညခင်တို့နှင့်အတူ စာပေမူပိုင်ခွင့်ဆိုင်ရာစကားဝိုင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အွန်လိုင်းမှချိတ်ဆက် တက်ရောက်နားထောင်ကြသူများက ၎င်းတို့သိလိုသော မေးခွန်းများကို မေးမြန်းကြရာ စကားဝိုင်းဆွေးနွေးပွဲ ဟောပြောဆွေးနွေးသူ များ က ပြန်လည်ဖြေကြားကြသည်။

 

 အသိပညာပေးဆွေးနွေးပွဲကို စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ(၂၀၁၉)အကြောင်း သိကောင်းစရာများနှင့်​ စာပေ မူပိုင်ခွင့်နှင့် ဆက်နွှယ်သော အခွင့်အရေးများအား ပြည်သူများကျယ်ပြန့်စွာသိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်