စာပေယဉ်ကျေးမှုအင်အားနှင့် နိုင်ငံတော်

၂၉  အောက်တိုဘာ

မြန်မာ့ရသစာပေနှင့်ပတ်သက်လျှင် ထင်ရှားလှသော ဆရာမမိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ဟူ၍ အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ ရက်များက ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ကျင်းပခဲ့ရာ စာပေမြတ်နိုးသူများ၊ စာပေဝါသနာရှင်များ များစွာတက်ရောက် ဆင်နွှဲခဲ့ကြသည်မှာ ခြိမ့်ခြိမ့်သဲသဲပင် ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ မည်မျှဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွက်ချက်ကြရာတွင် စာအုပ်စာပေနှင့် ယဉ်ကျေးမှုအနုပညာ မည်မျှထွန်းကားသည်။ မည်မျှကြွယ်ဝတိုးတက်သည်ဆိုခြင်းကို ထည့်သွင်းတွက်ချက်ကြပါ၏။ နိုင်ငံတစ်နိုင်ငံ၏ စာပေအဆင့်အတန်း တိုးတက်မြင့်မားမှုက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ဆိုနိုင်ပါ၏။ ယင်းကိုမျက်မှောက်ခေတ် တိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံများကို အကဲခတ်လျှင် သိနိုင်လောက်၏ဟု ဆိုချင်ပါသည်။

စာပေဟူသည် အသိဉာဏ်ပညာတို့ ပေါင်းရုံးကိန်းအောင်းရာ အစုအဝေးဖြစ်၏။ နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုးအတွက် စာပေအဆင့်အတန်း မြင့်မားသည်ဆိုခြင်းမှာ ထိုနိုင်ငံ ထိုလူမျိုးတို့၏ အသိဉာဏ်ပညာမြင့်မားသည်ဟု ဆိုလိုရာရောက်ပါသည်။ အသိဉာဏ်ပညာ မြင့်မားသောနိုင်ငံသား အများစုရှိသည့် နိုင်ငံသည်သာ တိုးတက်ဖွံ့ဖြိုးရန်၊ ငြိမ်းချမ်းရန် အခြေခံကောင်းများရှိမှာဖြစ်သည်ဟုလည်း ယုံကြည်ပါသည်။

လူသားတို့တွင် အသိဉာဏ်ပညာ မြင့်မားခြင်းက မှန်ကန်သော စိတ်နှလုံးထားတတ်ခြင်းကိုလည်းကောင်း၊ လူလူချင်းတန်းတူမှု၊ တရားမျှတမှုကိုသော်လည်းကောင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ စာနာနားလည်မှုရှိခြင်း တို့ကိုသော်လည်းကောင်း ပွားများနိုင်ကာ မိမိတို့ကိုယ်တိုင်၏ တိုးတက်ကြီးပွားရေးကိုလည်းကောင်း၊ အများသူငါ၏ အကျိုးကိုလည်းကောင်း ရှေးရှုနိုင်မည်ဟု ယုံကြည်ပါသည်။

သုတ ရသ စာအုပ်စာပေများက လူတို့အတွက် သတင်းနှင့်အချက်အလက်များ၊ အထွေထွေသော ဗဟုသုတများနှင့်တကွ ပျော့ပျောင်းသော စိတ်နေစိတ်ထား၊ စာနာနားလည်တတ်မှုတို့ကိုပါ ရရှိစေသည့် အားလျော်စွာ လူမှုအဖွဲ့အစည်းကို မည်မျှလောက် ရင့်ကျက်စေမည်။ မည်မျှလောက်နူးညံ့စေမည် ဆိုသည်ကို သိနိုင်ပါသည်။ ဆရာဇော်ဂျီက စိတ်ကောင်းရှိမှသာ စာကောင်းထွက်တယ်၊ ရသ စာပေကောင်းဆိုတာ စာရေးသူရဲ့ စိတ်စေတနာကို ရေးထားတဲ့စာ... စာရေးဆရာမှာ စေတနာဖြစ်လာတဲ့အခါမှသာ ပတ်ဝန်းကျင်လောကကို မြင်ခြင်းကြားခြင်း ရှိတတ်တယ်။ အဲဒီအခါမှာ ဒီအရာဟာ သနားစရာ၊ ဒီအရာဟာ အားတက်စရာ၊ ဒီအရာဟာ ချီးကျူးစရာ၊ ဒီအရာဟာ ကဲ့ရဲ့စရာ၊ ဒီအရာဟာကြောက်စရာ၊ ဒီအရာဟာ ရှက်စရာ စသည်ဖြင့် ဘဝအသိ ဖြစ်လာတတ်ပါတယ်။ ဘဝအသိ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကူးဉာဏ်ဟာ စည်ကားလာတတ်တယ်။ အဲဒီအခါ အဲဒီ စိတ်ကူးဉာဏ်ကပဲ ဘဝရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ဆိုင်ရာ လူ့အမူအရာ၊ လောကအမူအရာ တို့ကို ဖန်တီးလာနိုင်တယ်။ ဒါကြောင့် စိတ်ကူးဉာဏ်ဟာ ဘဝရဲ့အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ပြနိုင်တဲ့ ဉာဏ်လည်း ဖြစ်တယ်။ ဒါကြောင့် ဝတ္ထုကို အဲဒီလို စိတ်ကူးဉာဏ်မျိုးနဲ့ရေးနိုင်မှသာ အဲဒီဝတ္ထုဟာ အဆင့်အတန်းရှိတယ်.. ရသစာပေကောင်းကို ဖတ်ရတဲ့အခါ ပတ်ဝန်းကျင်ကို သတိပြုမိတယ်။ ပတ်ဝန်းကျင်ကို သတိပြုမိသူဟာ ကိုယ်နှုတ်နှလုံး သုံးပါးကို ဆင်ခြင်တတ်လာတယ်။ ကိုယ့်တစ်ဦးတည်း အကျိုးကို သာမက ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်လိုပဲ ကျင်လည်နေကြရတဲ့ သတ္တဝါအားလုံးရဲ့ အကျိုးစီးပွားအတွက်လည်း ကြည့်တတ်၊ မြင်တတ်၊ ကရုဏာ ဖြစ်တတ်လာနိုင်စရာရှိတယ်ဟူ၍ ဆိုဖူးပါသည်။

နိုင်ငံတကာကို ရင်ပေါင်တန်းရန် အပြေးအလွှားလိုက်နေရသော မြန်မာနိုင်ငံအဖို့ ခေတ်သစ်နည်းပညာ၊ အတတ်ပညာများကို ခေတ်နှင့်အညီ အမီလေ့လာဖတ်ရှုရန် စာအုပ်အများအပြား ထွက်ပေါ်ရန် လိုအပ်နေသလို စိတ်စေတနာကောင်းများဖြင့် လူသားချင်း စာနာမေတ္တာထားနိုင်ရေး၊ ချစ်ကြည်နားလည်ရေးတို့အတွက် ရသစာပေကောင်းများ အများအပြားပေါ်ထွက်လာနိုင်ပါစေရန် မိုးမိုး(အင်းလျား) မြန်မာစာပေပွဲတော်ကို အကြောင်းပြု နှိုးဆော်လိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း