စာရေးဆရာမ နှင်းပန်းအိမ်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကျုံပျော်တွင် Quarantine ဝင်ရောက်သူများ စိတ်ခွန်အားဖြစ်စေရန် အားပေးဟောပြော

ကျုံပျော်   ၈   မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် Facility Quarantine ဝင်ရောက်နေထိုင်သူများအား စိတ်ခွန်အားဖြစ်စေရန် စာရေးဆရာမ နှင်းပန်းအိမ်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အားပေးဟောပြောခြင်းကို မေ ၇ ရက် ညနေ ၅ နာရီခွဲက မြန်ပြည်သားကောင်းကိုယ်ပိုင်အထက်တန်းကျောင်း Quarantine Centre တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက အားပေးအမှာစကားပြောကြားပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စာရေးဆရာမ နှင်းပန်းအိမ်နှင့် ဦးအောင်မျိုးကျော်တို့က အားပေးဟောပြောကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေး ဉီးစီးဌာနမှူးတို့က မြို့နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ရေး ဆောင်ရွက်နေမှု၊ Quarantine များ ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ပြောကြားကာ ၊ Quarantine ဝင်ရောက်သူများကို အားပေးစကားများ ထပ်ဆောင်းပြောကြားကြပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ဆက်လက်၍လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ Quarantine ဝင်ရောက်နေသူများထံသို့ ဆက်လက် သွားရောက်ကာ အားပေးစကားများ ပြောကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နေဝင်းမြင့်(ပြန်/ဆက်)