စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရေး လိုက်လံအသိပေး

မယ်စဲ့   ၂၇  မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာလကြောင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခဲ့ရာ ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်မှုနည်း စေပြီး စိတ်သက်သာမှုရရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်း နှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် လိုက်လံအသိပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဟိုစဲ့ကျေးရွာနှင့် ပန်တိန်းကျေးရွာတို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ဖြင့် ရောင်းချမည်ဆိုပါက ဆိုင်ရှင်နှင့်ဝန်ထမ်းများက လိုက်နာရမည့် စည်းကမ်းချက်များ၊ စားသုံးသူဘက်မှ လိုက်နာရမည့် အချက်များ၊ စားသောက်ဆိုင် များတွင် ပြင်ဆင်ထားရှိရမည့် အချက်များအပါအဝင် ဆိုင်များက သန့်ရှင်းရေးဆိုင်ရာ  အထူးဂရုပြု ဂရုစိုက်ရမည့် အချက်များကို  ပြင်ဆင်ဆောင်ရွက်သွားရန် လိုက်လံအသိပေးပြောကြားပြီး ကျန်းမာရေး လမ်းညွှန်ချက် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့သည်။

 

 “ဒီသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့သာ စနစ်တကျပြင်ဆင်သွားမည်ဆိုရင် ဆိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ စားသုံးသူတွေအတွက်ပါ အဆင်ပြေသွားမယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့ ပထမအကြိမ်၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်မယ်။ တတိယအကြိမ် မလိုက်နာရင်တော့ ကာလတစ်ခုအထိ ပိတ်သိမ်းသွားမှာပါ။ ဒါကြောင့်မို့ ဒီကနေ့၊ဒီအချိန်၊ ဒီအဆင့်မှာ အခြေအနေကောင်း တစ်ခုရောက်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းပြီး အကောင်းဆုံးဖြစ် ဆောင်ရွက်ကြဖို့လိုပါတယ် ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ပြောကြားသည်။

 

ဝတ်ရည်(ပြန်/ဆက်)