စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုမြှင့်တင်

mdn

နေပြည်တော် ၂၂ မတ်

 

မြန်မာနိုင်ငံ၏ စီးပွားရေးက လယ်ယာစိုက်ပျိုးရေးကို အခြေခံသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံက ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးအခြေခံစီးပွားရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း မှီခိုနေကြရသည်။ သို့ရာတွင် တောင်သူအများစုမှာ သမားရိုးကျ စိုက်ပျိုး ထုတ်လုပ်နေကြသူများ ဖြစ်ပြီး ခေတ်မီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ကဲ့သို့သော အဓိကအကြောင်းရင်းများအပြင် အခြားအကြောင်း အရာများစွာတို့ကြောင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များကို တန်ဖိုး မြှင့်ထုတ်ကုန်များအဖြစ် ဈေးကွက်သို့ တင်ပို့နိုင်မှုနည်းပါးကာ ကုန်ကြမ်းများအဖြစ်သာ တင်ပို့ရောင်းချနိုင်ခဲ့ကြသည်။

 

ဥပမာအားဖြင့် ဆန်ကို ဆန်အဖြစ်သာ တင်ပို့ရောင်းချနေရပြီး အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် ဆန်မှုန့်၊ ဆန်ပြုတ်ထုပ်၊ ဆန်ဘီစကွတ်၊ ဆန်ကွတ်ကီး၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ဖွဲနုဆီ စသည်တို့အပါအဝင် ဆန်ထွက်စားသောက်ကုန်များကိုမူ ကုန်တိုက်များ စတိုးဆိုင်များတွင် မိမိတို့ဝယ်ယူစားသောက်နေကြရသည်။ နိုင်ငံခြားမှ တင်သွင်းလာသည့် စားသောက်ကုန်များစွာ တို့တွင် အသုံးပြုထားသည့် ကုန်ကြမ်းများမှာ မိမိတို့နိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် ပစ္စည်းများသာဖြစ်သည်ကိုလည်း တွေ့ရှိနိုင်ကြသည်။ လက်ရှိအခြေအနေတွင်မူ မိမိတို့ နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးထွက်ကုန်သီးနှံနှင့် သစ်သီးဝလံတို့မှာ အိမ်နီးချင်း နိုင်ငံ ဈေးကွက်တစ်ခုခု ကိုသာ အဓိကထားကာ စိုက်ပျိုးထုတ်လုပ်နေကြရပြီး အကြောင်းတစ်ခုခုကြောင့် မူလဦးတည်ထားသည့် ဈေးကွက်က ဝယ်ယူမှုမပြုခြင်း၊ အဝင်မခံခြင်းတို့နှင့်ကြုံလာရသည့်အခါတွင် ပြည်တွင်းမှ တောင်သူများနှင့် အရောင်းအဝယ် ကုန်သည်တို့ အထိနာကြရသည်။

 

တစ်ဖက်တွင်လည်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ၏ အားနည်းချက်များအဖြစ် အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုး ထုတ်ကုန်များ၊ ကောင်းသောစိုက်ပျိုးထုတ်လုပ်မှုကျင့်စဉ်များနှင့် အညီ စိုက်ပျိုးထုတ်လုပ်မှုများအတွက် အားထုတ်ကြိုးပမ်းကြရန် လိုအပ်နေသေးခြင်းပင်ဖြစ်သည်။ မိမိတို့ စိုက်ပျိုးထုတ်လုပ်လိုက် သည့်ပစ္စည်းက အရည်အသွေးကောင်းမွန်မည်၊ ဈေးကွက်၏ တောင်းဆိုချက်များအပေါ် အာမခံနိုင်မည်ဆိုပါက မျက်နှာပန်းလှ မည်ဖြစ်ပြီး အရည်အသွေးနိမ့်ကျနေမည်ဆိုပါက ဝယ်သူပြုသမျှ နုရမည်သာဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ ဈေးကွက်တွင် ပိုးမွှား၊ မှို၊ ဓာတုဓာတ်ကြွင်းတို့ ကင်းစင်သော၊ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးထုတ်ကုန်များကိုသာ စနစ်တကျစိစစ် ဝယ်ယူလာနေကြပြီဖြစ်သည်ကို သတိချပ်၍ GAP - Good Agricultural Practices ခေါ် ကောင်းမွန်သည့် စိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများကို ပိုမိုကျင့်သုံး ခြင်းနှင့် ဘေးကင်းသည့် စားနပ်ရိက္ခာများထုတ်လုပ်ခြင်းဖြင့်သာ ဈေးကွက်ကို ရေရှည်ခိုင်မြဲစေနိုင်မည် ဖြစ်သည်။

 

ရေရှည်တွင်မူ ပြည်တွင်းစိုက်ပျိုးရေး ထုတ်ကုန်များကို တန်ဖိုးမြှင့်ကုန်ချောများထုတ်လုပ်သည့် ပြည်တွင်းစားသောက် ကုန်လုပ်ငန်းများ နိုင်ငံတကာနှင့်ယှဉ်၍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဖြစ်သည်။ လက်ရှိ ပြည်တွင်းစက်ရုံ၊ အလုပ်ရုံအများစုမှာ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သော်လည်း ကုန်ပစ္စည်းအရည်အသွေး၊ ထုပ်ပိုးပုံနှင့် နည်းပညာတို့တွင် လိုအပ်ချက်များစွာရှိနေပြီး ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ကြရဦးမည်ဖြစ်သည်။

 

အနာဂတ်တွင် နိုင်ငံ၏ လူဦးရေတိုးတက်လာခြင်း၊ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ စားသုံးမှုမြင့်မားလာမည့် အလား အလာကောင်းများရှိနေခြင်းတို့က ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများအတွက် မျှော်လင့်ချက်များပင်ဖြစ်ရာ ပြည်တွင်းမှထုတ်လုပ်လိုက်သည့် ကုန်ကြမ်းများကို ပြည်တွင်း မှာပင် တန်ဖိုးမြှင့်ကာ ကုန်ချောများထုတ်လုပ်နိုင်ခြင်းဖြင့် လယ်ယာစိုက်ပျိုးရေး အခြေခံ စီးပွားရေးကို မြှင့်တင်နိုင်ကြ ပါစေကြောင်း။ ။

 

မြန်မာ့အလင်း