စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းနှင့် ဓားစာခံဖမ်းခြင်းသည် စစ်ရာဇဝတ်မှုဖြစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးလက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်ကာ  ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊  ကျောင်းသား  ကျောင်းသူများကို  အဓမ္မဖမ်းဆီး ခေါ်ဆောင်မှု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင်  ဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ စွန်းစွန်းမျှသာရှိသေးသည့်ကာလ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ကလေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို PDF အမည်ခံ အကြမ်းဖက် သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်မှု ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြန်သည်။

စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်သည့် ပညာရေးအဆောက်အအုံများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိသားစုဝင်များ၊ ရုံးဝန်ထမ်းများကို အကာအကွယ် ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်း၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့မှာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းပင်ဖြစ်သည်။ နိုင်ငံတကာ သဘောတူစာချုပ်များဖြစ်သည့် ဂျီနီဗာသဘောတူညီချက်များ(Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့တွင် စစ်ရာဇဝတ်မှုမြောက်သည့်အပေါ် ပြဆိုမှုများ၊ စစ်ပွဲအတွင်း လိုက်နာရမည့် လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွှန်းများပါဝင်ပြီး သုံ့ပန်းများ၊ အရပ်သားများကို အကာအကွယ်ပေးမှုများ ပါဝင်သည်။ ဂျီနီဗာသဘောတူစာချုပ်အရ ဥပ‌ဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း/လူ မဆန်စွာပြုမူခြင်း၊ ကိုယ်ခန္ဓာ သို့မဟုတ် ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း၊ စစ်ရေးအရ လိုအပ်ကြောင်း အကြောင်းပြချက်မခိုင်လုံဘဲ အဆောက်အအုံ၊ အိမ်ရာများ ဖျက်ဆီးခြင်း၊ ဓားစာခံဖမ်းဆီးခြင်း၊ တရားဥပဒေမဲ့ ပြည်နှင်ခြင်း/ ထိန်းသိမ်းချုပ်နှောင်ခြင်းတို့မှာ စစ်ရာဇဝတ်မှုများ ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာအရေးကြီးသည့် နိုင်ငံ တကာသဘောတူစာချုပ်တစ်ခုဖြစ်သည့် ၁၉၉၈ ခုနှစ် ရောမ ဥပဒေ(Rome Statute of 1998) တွင် စစ်ရာဇဝတ်မှုများကို ဖွင့်ဆိုရာ၌ အရပ်သားပြည်သူ သို့မဟုတ် စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှု ပြုပါက အရပ်သားများ သေဆုံး/ဒဏ်ရာရမည်ကို သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ခုခံမှု ကင်းမဲ့နေသည့် မြို့ရွာ၊ နေအိမ်၊ အဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ ဆေးရုံ၊ ဘာသာရေး အ‌ဆောက်အအုံ၊ ပညာရေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ ပါဝင်သည်။

စစ်ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ အထက်တွင် ဖော်ပြခဲ့သည့်ဖွင့်ဆိုချက်များအရ မိမိတို့နိုင်ငံတွင် အကြမ်းဖက်သမားတို့ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၏ အတိုင်းအတာကို တွေ့ရှိနိုင်သည်။ တိုက်ပွဲနှင့်ပတ်သက်ခြင်း မရှိ၊ လက်နက်လည်း ကိုင်ဆောင်ထားခြင်း မရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား သင်ယူမှုပြုလုပ်နေသည့် ပညာရေးရပ်ဝန်းများမှာ အန္တရာယ်ကင်းသည့်၊  ငြိမ်းချမ်းသည့် နေရာများသာ ဖြစ်သင့်သည်။ စာသင်ကျောင်းများကို စစ်စခန်းများအဖြစ် အသုံးချခြင်း၊ ကျောင်းပရဝဏ်အတွင်း ကတုတ်ကျင်းများ တူးခြင်း၊ ဘန်ကာများ တည်ဆောက်ခြင်း၊ ကျောင်းအနီးတွင် တိုက်ကွက်များဖော်ခြင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တရားခံများသဖွယ် ဆက်ဆံပြုမူခြင်း စသည်တို့မှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ရာလည်း ရောက်နေသည်။ လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်တွင် အဝေးသင် တက္ကသိုလ်စာမေးပွဲများ အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသလို ယခု ကလေးတက္ကသိုလ်ဖြစ်စဉ်တွင်လည်း ကျောင်းသူ ကျောင်းသားတို့၏ ပညာသင်အခွင့်အရေးတို့ ဆုံးရှုံးကြရဦးမည် ဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်သမားများက ကလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားမှုတွင် တပ်မတော်စစ်ကြောင်းက အချိန်မီ ပြန်လည်ကယ်ဆယ်မှုကြောင့် ၂၈၅ ဦး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အချို့ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဓားစာခံအဖြစ် ကျန်ရှိနေရာ ၎င်းတို့အားလုံး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်လွတ်မြောက် နိုင်ပါစေကြောင်း။

မြန်မာ့အလင်း