စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမည့် ဓာတုလျှော့ချ ဟင်းသီးဟင်းရွက်များ စတင်ရောင်းချပေး

မုံရွာ ၃၀ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သီရိရတနာဈေးကြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး တောင်သူများ ပူးပေါင်းထုတ်လုပ်သည့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်မည့် ဓာတုလျှော့ချ ဟင်းသီးဟင်းရွက်များကို ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သရက်သီးနှံ၊ ပဲတီစိမ်း၊ နှမ်း၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံဓာတုလျော့ချ စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်ကာ စားသုံးသူအများဆုံးရှိရာ မုံရွာမြို့ပေါ်ဈေးများနှင့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာများနှင့် အနီးဆုံးနေရာများတွင် အစားအစာအဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရ ရရှိစေနိုင်မည့် (Food Safety Market )ဈေးကွက်တွင် ပြန်လည်ရောင်းချရန် ဖော်ဆောင်ခြင်းစိုက်ပျိုးခဲ့ရာ ယနေ့တွင်စတင် ရောင်းချပေးခြင်း ဖြစ်ကြောင်း  သိရသည်။

 

“ဓာတုလျှော့ချနည်းနဲ့ စိုက်တဲ့ဟင်းသီးဟင်းရွက်တွေကို ဒီကနေ့မှာ စတင်ရောင်းချပေးတာဖြစ်ပါတယ်၊ ဟိုတုန်းကတော့ ဓာတုဆေးသုံးပြီးစိုက်တဲ့ သီးနှံတွေကို ဖောက်သည်ပေးတဲ့ စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ခဲ့ရာကနေ စိုက်ပျိုးရေးဦးစီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဒီဇင်ဘာလဆန်းပိုင်းကနေစပြီး ဓာတုလျော့ချနည်းနဲ့ စတင်စိုက်ပျိုးပြီး ဖောက်သည်ပေးတဲ့ စနစ်နဲ့ရောင်းသလို ကိုယ်တိုင်လည်းဈေးမှာ လာရောင်းတာဖြစ်ပါတယ်၊ စိုက်ပျိုးမှုကုန်ကျ စရိတ်သက်သာသလို စားသုံးသူတွေအတွက်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အတွက် အဲဒိ အသိလေးကို စားသုံးသူတွေကို မျှဝေပေးရင်းနဲ့ လာရောက်ရောင်းချပေးတာဖြစ်ပါတယ်”ဟု ဓာတုလျော့ချ နည်းဖြင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူ မုံရွာမြို့နယ် သစ်ဆိမ့်ကျေးရွာမှ တောင်သူ ဒေါ်အေးအေးနွယ်က ပြောသည်။

 

အစားအစာအဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရရရှိစေနိုင်မည့် (Food Safety Market) ဈေးကွက်အဖြစ် မုံရွာမြို့နယ်အတွင်းရှ ိကျေးရွာ(၉)ရွာတွင် ဟင်းသီးဟင်းရွက်(၂၂)မျိုးကို တောင်သူ(၂၅)ဦးမှ (၃၅.၃၅)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအခါ ဟင်းသီးဟင်းရွက်များ ဈေးကွက်တွင် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)