Capitol Congress ကို တက်ရောက်ခဲ့တဲ့ ကတ်တီပါရီ

၉  သြဂုတ်

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့်ဟာ သူ့ရဲ့တေးသီချင်းသစ်ကိုပြီးခဲ့တဲ့ အင်္ဂါနေ့က လူမှုကွန်ရက်မီဒီယာပေါ်မှာ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ဩဂုတ် ၈ ရက်မှာတော့ ဟောလိဝုဒ်မှာပြုလုပ်ခဲ့တဲ့ “Capitol Congress” အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း မေးလ်အွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တေးဂီတနဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုဖြစ်တဲ့ “Capitol Congress” ကို ဩဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့ရာမှာတော့ ကျော်ကြားတဲ့ တေးသံရှင်တွေများစွာ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။  ယခုနှစ်အခမ်းအနားဟာ (၆) ကြိမ်မြောက်ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပြီး ဒီအခမ်းအနားမှာ တေးသီချင်းသစ်တွေကို ကြိုထုတ်လွှင့်မှုတွေပြုလုပ်ခဲ့သလို တေးဂီတနဲ့ပတ်သက်တဲ့ အစီအစဉ်သစ်တွေကို မိတ်ဆက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအခမ်းအနားကို ကတ်တီပါရီက နွေရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုး ဝတ်ဆင်တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ပန်းပွင့်ဒီဇိုင်းနဲ့ ဂါဝန်ရှည်ကိုဝတ်ဆင်ခဲ့ပြီး မျက်နှာကိုလည်း ပန်းရောင်ခြယ်သထားတာကိုလည်း တွေ့ရ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ၂၀၁၃ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ကတ်တီပါရီရဲ့ တေးသီချင်း “Dark Horse”ဟာ ရက်ပ်တေးသီချင်းတစ်ပုဒ်ရဲ့ သံစဉ်ပိုင်းဆိုင်ရာကို ကူးချခဲ့တာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ပေါ့ပ်ကြယ်ပွင့်ဟာ ဒဏ်ငွေတွေလည်း ပေးဆောင်ခဲ့ကြောင်း သိရပါတယ်။

အေးပြည့်