စစ်ကိုင်းမြို့မှ လေကြောင်းခရီးစဉ်ဖြင့်သွားလာမည့်သူများအား COVID-19 ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ

စစ်ကိုင်း၊ ၁၇ ဒီဇင်ဘာ

 

စစ်ကိုင်းမြို့မှ လေကြောင်းခရီးစဉ်ဖြင့် သွားလာမည့်သူများအား COVID-19 ရောဂါပိုး ရှိ/မရှိ Antigen Diagnostic Test (RDT)နည်းဖြင့် စစ်ဆေးပေးနိုင်ရန် စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းတွင် ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၁၀)ရက်က ကျင်းပပြုလုပ်သည့် Coronavirus Diaease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးအသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်တွင်းပုံမှန်လေကြောင်း ခရီးစဉ်များ (Domestic Scheduled Flights) ကို ဒီဇင်ဘာ(၁၆)ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည့်အတွက် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ၌ လိုက်ပါကြမည့်ခရီးသည်များအား COVID-19 ရောဂါပိုး  Antigen Diagnostic Test (RDT)နည်းဖြင့် ရှိ/မရှိ စစ်ဆေးပေးနိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စစ်ဆေးပေးနိုင်မည့်နေရာများ သတ်မှတ်ဆောင်ရွက်ထားရှိရန်ပါရှိပါသည်။ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအရ စစ်ကိုင်းမြို့မှ အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်သို့ လေကြောင်းခရီးစဉ်များဖြင့် သွားလာကြမည့် ပြည်သူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါပိုး  ရှိ/မရှိ Antigen Diagnostic Test (RDT)နည်းဖြင့် စစ်ဆေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ဖြစ်ကြောင်းသိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)