စစ်ကိုင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် (၁၅)လုံးဆုံးရှုံး

စစ်ကိုင်း  ၂၅   ဇူလိုင်

 

စစ်ကိုင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် ယမန်နေ့ ည ၁၁ နာရီ ၁၅ မိနစ်က မီးလောင်မှုကြောင့် လူနေအိမ် ၁၅ လုံး ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။    

 

ဖြစ်စဉ်မှာ ညောင်ကုန်းကျေးရွာနေ အိမ်ရှင် ဦးထွန်းတင် (ဘ)ဦးလှဖေသည် နွားတင်းကုတ်အတွင်း ခြင်ဆေးခွေ ထွန်းထားရာမှတစ်ဆင့် နွားစာတဲသို့ မီးကူးစက်လောင်ကျွမ်းပြီး လူနေအိမ်များသို့ပါ ဆက်လက်ကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင်/မြို့နယ်/ နယ်မြေ မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

                                                                       

မီးလောင်မှုကြောင့် သွပ်မိုးထရံကာနေအိမ် ၉ လုံး၊ သွပ်မိုးအုတ်ညှပ် တစ်ထပ်အိမ် ၃လုံး၊ သွပ်မိုးပျဉ်ကာနေအိမ် ၃ လုံး  စုစုပေါင်း လူနေအိမ် ၁၅ လုံးနှင့် လျှပ်စစ်မီတာ 400V (၅)လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးဘေးသင့်အိမ်ထောင်စုဝင်များအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ မိုးကောင်းဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပေးထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)