စစ်ကိုင်းတောင် ရှင်သီဝလိရိပ်သာရှိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဓမ္မစေတီများဖူးမြော်ခွင့် ပြန်လည်ခွင့်ပြု

စစ်ကိုင်း  ၁၄   ဇူလိုင်

 

စစ်ကိုင်းတောင်ရိုးမြောက်ပိုင်း  ရှင်သီဝလိတောရိပ်သာတွင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြား ခဲ့သော တရားတော်များကို ဓမ္မစေတီအဖြစ်တည်ထားလျှက်ရှိရာ အဆိုပါ ဓမ္မစေတီများသို့ လာရောက် ဖူးမြော်ခွင့်ကို ဇွန် ၁၃ ရက်မှစတင်၍ ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

 မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားခဲ့သော တရားဓမ္မစေတီများကို  ဆရာတော် ဘဒ္ဒန္တသုမန (နိုင်ငံတော် မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) အရှင်သူမြတ်မှ ဦးဆောင်၍ အများပြည်သူ အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် ၂၀၁၇ ခုနှစ်မှ စတင်တည်ခဲ့သည်။

 

ဓမ္မစေတီများတွင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော တရားအပုဒ်ရေ ၁၄၀၀ ကျော်အား ကျောက်ထက် အက္ခရာတင်၍ ဓမ္မစေတီပေါင်း ၁၃၇၀ တည်ထားမည်ဖြစ်ရာ ယခုအခါ အဆူ ၅၀၀ ကျော် တည်ထားပြီး ကျန်စေတီတော်များ ဆက်လက်တည်နေဆဲဖြစ်သည်။

 

အရင်ရက်ပိုင်းက နေ့စဉ်လာရောက်သူများလာလို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရမယ့်အချိန် ဖြစ်နေတာကြောင့် တည်ဆောက်ရေးလုပ်ငန်း ခေတ္တရပ်နားပြီး ဓမ္မစေတီပူဇော်ဖို့လာတဲ့သူအားလုံး အဝင်မခံတော့ဘဲ ဇွန် ၁၄ ရက်ကစတင်ပြီး အဝင်ပေါက်ဂိတ်တံခါးကြီးပါပိတ်ပြီး ဝင်ခွင့်မပြုကြောင်း အသိပေး ကြေညာတားမြစ်လိုက်ပါတယ်။ လာတဲ့သူတွေရှိပေမယ့် ကျွန်တော်တို့ ဂိတ်ပေါက်ကနေ မေတ္တာရပ်ခံပြီး တားမြစ်ပြန်လွှတ်ရတယ်။ အခုတော့ စစ်ကိုင်းမြို့ပေါ်က ဘုရားဖူးအဝင်အထွက်များတဲ့ တန်ခိုးကြီးဘုရားတွေလည်း သက်ဆိုင်ရာက ဝင်ရောက်ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ်လို့ ကျွန်တော်တို့လည်း ဒီနေ့မှာပဲ ဘုရားဖူးတွေကိုဝင်ခွင့်ပြုလိုက်ပါပြီ ဟု ရှင်သီဝလိတောရချောင်မှ ဂေါပကအဖွဲ့ အကျိုးတော်ဆောင် ဦးအောင်မောင်းက ပြောသည်။

 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမများ၊ သစ္စာလေးပါးတရားတော်များကို ကျောက်ထက် အက္ခရာတင်၍ လေးမျက်နှာမှာ ကျောက်စာအမြင့် ၆ ပေ၊ စေတီအမြင့် ဉာဏ်တော် ၉ ပေရှိ တရား ဓမ္မစေတီတော်များအဖြစ် မြေပြင်မှ ထီးတော်အထိ ဉာဏ်တော်အမြင့်ပေ ၂၀ ခန့်ရှိရာ တည်ထားပြီး စေတီတော်အဆူ ၅၀၀ ကျော်အား ဘုရားဖူးများ လာရောက်ကြည်ညိုနိုင်ရန် ယနေ့မှစတင်၍ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဝင်ရောက်ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ခိုင်ဇေယျ