စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်ကိုင်း ဇန်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက် အမှာစကားပြောကြားသည်။

 

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီများအလိုက် လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ကြသည်။

 

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ပြသမည့် အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများအား စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပညာရှင်များက ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)