စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါနသန္တိသုတ်တော်နှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်း ဇန်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါနသန္တိသုတ်တော်နှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမ္မာန်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြှင့်ကာ မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသြသဓမှ အနုမောဒနာဂါထာ ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် ပဌာနဘာဏက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တအာစာရမှ ပဌာန်း တရားနာယူလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့ကို ပို့ဆောင်၍ ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက ပဌာန်းသိမ်း အောင်ပွဲအား ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)