စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး လက်ရွေးစင် အသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး လက်ရွေးစင် (ခ) အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲကစားမည်

မုံရွာ ၂၄ ဇန်နဝါရီ 
    

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီးလက်ရွေးစင် (ခ) အသင်းတို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ဖေဖော်ဝါရီ ၃ ရက်တွင် ချစ်ကြည်ရေးဘောလုံးပွဲတစ်ပွဲ ကစားရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

123


''မဏိပူရ်ပြည်နယ် အမျိုးသမီး လက်ရွေးစင် (ခ) အသင်းမှာ အသင်းသား၂၀၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ(၇) ဦး စုစုပေါင်း (၂၇)ဦးပါမယ်၊ အဲဒီအသင်းနဲ့တွေ့ဆုံမှုက အခုတစ်ကြိမ်က တတိယ အကြိမ်မြောက်ပါ၊ အဲဒီအဖွဲ့က ဇန်နဝါရီလ(၃၁)ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ကို ရောက်ရှိမှာပါ၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ မုံရွာမြို့ကို ရောက်ရှိမယ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ လေ့ကျင့်ရေးလုပ်မယ်၊ ဖေဖော်ဝါရီ ၃ ရက် တနင်္ဂနွေနေ့မှာ ကစားမယ်၊ (၄) ရက်နေ့နဲ့ (၅)ရက်နေ့မှာ လေ့လာရေးခရီး လိုက်ပို့မယ်၊ (၆)ရက်နေ့မှာတော့ မုံရွာမြို့ကနေ ပြန်လည်ထွက်ခွာမှာပါ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

123


စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး လက်ရွေးစင် အသင်းနှင့် မဏိပူရ်ပြည်နယ် လက်ရွေးစင် (ခ) အသင်းတို့သည် ပထမအကြိမ်အဖြစ် မန္တလေးမြို့ မန္တလာသီရိ ကစားကွင်းတွင်(၂၇.၁.၂ဝ၁၈)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာမြို့တွင်(၂၆.၁၁.၂ဝ၁၈)ရက်နေ့တွင် လည်းကောင်း တွေဆုံကစားခဲ့ရာ အဆိုပါနှစ်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး လက်ရွေးစင်အသင်းက ရှုံးနိမ့်ထားခဲ့ကြောင်းနှင့် ယခုအကြိမ်သည် တတိယအကြိမ်မြောက် ချစ်ကြည်ရေးပွဲအဖြစ် ကစားကြမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)