စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခုနစ်ဦး ထပ်မံတွေ့ရှိ

ကလေး၊ ၁၈      ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ခုတင်-၃၀ဝ ဆံ့ ဆေးရုံ အထူးကြတ်မတ် ကုသဆောင်တွင် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား ဓာတ်ခွဲနမူနာများ ရယူပြီး Test Kit များဖြင့် စစ်ဆေးရာ စစ်ဆေးသူ ခြောက်ဦးအနက် သုံးဦးတွင်လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာများ၏ Contact များအား ဓာတ်ခွဲနမူနာ ရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့စစ်ဆေးထားသူ ၃၇ ဦးအနက် နှစ်ဦးတွင် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ဆက်စပ်သူ ၁၁ ဦးအနက် နှစ်ဦးတွင်လည်းကောင်း စုစုပေါင်း ကိုဗစ်-၁၉ရောဂါ Positive အဖြေထွက်ရှိသူ ခုနစ်ဦးရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ ကလေးမြို့ မြို့လှရပ်ကွက်နေ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ အမျိုးသမီး တစ်ဦး၊ အောင်ဇေယျရပ်ကွက်နေ အမျိုးသမီးနှစ်ဦး၊ ဆည်တော်ဦးကျေးရွာနေ အမျိုးသမီး တစ်ဦးတို့ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့ အငှားအိမ်ယာတို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၆၃ ဦး ကျန်ရှိနေပြီး အဆိုပါ အတည်ပြုလူနာများကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ယာတို့တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)