စစ်ကိုင်းတိုင်းဒေသကြီး လူထုအခြေပြုခရီးသွားလုပ်ငန်း နှစ်ရွာအနက် နွယ်ငြိမ်းကျေးရွာတွင်သာ ဖော်ဆောင်မှု ပီပြင်

မုံရွာ ၂၉ မေ

 

ကျေးရွာလူထုပိုင် အသေးစားခရီးသွားလုပ်ငန်း၊ အသေးစားဟိုတယ်၊ မိုတယ်လုပ်ငန်းဟုခေါ်ဆိုနိုင်သော Community Base Tourism(CBT) လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ်က နွယ်ငြိမ်း ကျေးရွာနှင့် ဇလုံတောင်ဒေသတို့တွင် စတင်ဖော်ဆောင်ခဲ့သော်လည်း နိုင်ငံခြားဧည့်သည် ဝင်၊ ထွက်ခွင့်ရသည့် နွယ်ငြိမ်းကျေးရွာတွင်သာ (CBT)လုပ်ငန်း ပီပြင်သေးကြောင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာရုံးခွဲဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်က ရှင်းပြသည်။

 

“ပြီးခဲ့တဲ့နှစ်ကစပြီး CBT အကောင်အထည်ဖော်ပေးတာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွယ်ငြိမ်း ဒေသနဲ့ ဇလုံတောင်ဒေသကို ဖော်ဆောင်ပေးထားပေမယ့်လက်ရှိမှာ နိုင်ငံခြားသား ဧည့်သည် ဝင်၊ ထွက်လေ့လာခွင့်ရတဲ့ နွယ်ငြိမ်းဒေသသာ CBT လုပ်ငန်း ပီပြင်တယ်လို့ ပြောရင်ရပါတယ်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်ဒေသက ကန့်သတ်နယ်မြေဖြစ်နေတော့ နိုင်ငံခြားသားဧည့်သည် လာလို့မရသေးဘူး၊ ပြည်တွင်းခရီးသွားတွေပဲ လက်ရှိမှာ ဝင်၊ ထွက်သွားလာလို့ရတဲ့နေရာပါ၊ နိုင်ငံခြားသားလာလို့မရတဲ့ကိစ္စကို ဖြေလျှော့ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကနေတစ်ဆင့် တင်ပြထားပါတယ်၊ ကန့်သတ်နယ်မြေ သတ်မှတ်တာကနေ ဖြုတ်ချပေးလိုက်ရင်တော့ နိုင်ငံခြားသားတွေအတွက်လည်း လေ့လာခွင့်ရသလို ခရီးသွားဝင်ငွေလည်း အခုထက်ပိုရလာမှာဖြစ်ပါတယ်၊ ဒေသတစ်ခုဖွံ့ဖြိုးဖို့ဆိုတာ နိုင်ငံခြားဧည့်သည်တွေ ဝင်ရောက်လေ့လာခွင့်ရမှသာ အဆင်ပြေတာပါ”ဟု ဦးအောင်ဖြိုးလွင်ကရှင်းပြသည်။

 

ဧရာဝတီမြစ်အတိုင်း မန္တလေးမြို့မှ ဗန်းမော်မြို့အထိ သွားရောက်ကြသည့်ပြည်ပဧည့်သည်များသည် နွယ်ငြိမ်းဒေသနှင့်အတူ ပျူဒေသဟန်လင်းနှင့်ငါးမည်ရရွှေဘိုဒေသသို့ပါ ဝင်ရောက်လေ့လာနိုင်ရန် ခရီးစဉ် လမ်းကြောင်းကို ရေးဆွဲထားရာ နွယ်ငြိမ်းရွာကို CBT အဖြစ်ဖော်ဆောင်ထားခြင်းသည် ပြည်ပခရီးသွားများနှင့် ဒေသအတွက် များစွာလက်တွေ့အကျိုးရှိနေကြောင်း သိရသည်။

 

“နွယ်ငြိမ်းဒေသကို နိုင်ငံခြားသားဧည့်သည်အဝင်၊ အထွက်ရှိတယ်၊ မန္တလေးကနေ ဧရာဝတီမြစ် တစ်လျှောက်လာရင်း နွယ်ငြိမ်းမှာ ဝင်နားရင်း အိုးလုပ်ငန်း၊ စဉ့်ထည်လုပ်ငန်းတွေကို ဝင်ရောက် လေ့လာကြပါတယ်၊ လေ့လာရင်းရွာထဲကဝါးစိုက်တာ၊ ဝါးနဲ့လုပ်တဲ့လုပ်ငန်းတွေကိုပါ လေ့လာကြတာပါ၊ နွယ်ငြိမ်းကတစ်ဆင့် ဟန်လင်းဘက်၊ ရွှေဘိုဘက်တွေကိုပါသွားပြီး လေ့လာနိုင်အောင် ခရီးသွားလမ်းကြောင်း လေးတွေဆွဲပြီး သွားကြပါတယ်”ဟု ဦးအောင်ဖြိုးလွင်ကဆိုသည်။

 

နွယ်ငြိမ်းရွာသို့လာသည့် ပြည်ပဧည့်သည်များသည် ပြီးခဲ့သည့်ဧပြီလက၄၂ ဦးသာရှိရာ အလွန်နည်း ခဲ့သည်၊ နွယ်ငြိမ်းကျေးရွာသို့ ၂၀၁၇-၂၀၁၈ခုနှစ်တစ်နှစ်လုံး (အောက်တိုဘာလမှမတ်လအထိ) ပြည်ပ ဧည့်သည်ဝင်ရောက်မှုသည် ၇၇၃ ဦးဝင်ပြီး ဗြိတိန်နိုင်ငံသား အများဆုံးဖြစ်ကာ စပိန်နှင့်ပြင်သစ်နိုင်ငံသားလည်း အဝင်များကြောင်းသိရသည်။ နွယ်ငြိမ်းရွာတွင် ယခင်ကတစ်ရွာလုံး စဉ့်လုပ်ငန်းလုပ်ကိုင်ကြသော်လည်း လက်ရှိတွင် ၁၂ ဦးသာလုပ်ကိုင်ကြတော့ကြောင်း သိရသည်။

 

မျိုးဝင်းထွန်း(မုံရွာ)