စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျန်းမာရေးမှတ်တိုင်သစ်စိုက်ထူ

ဒေါက်တာသံလွင်ထွန်း၊ ဒေါက်တာကျော်သူဆွေ

 

(စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီဌာန)

 

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ဟာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး၏ ကျန်းမာရေး မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ယင်းနေ့မှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂလူမျိုးများနေထိုင်ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရာမှာအထောက်အကူပြုနိုင်ရန်အတွက် နာဂတိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အဆိုတော်မာရီကိုးလ်အား နာဂဒေသဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင့်ရေးသံတမန်-၂၀၁၈ (Health Literacy Promotion Ambassador for Nagaland -2018) အဖြစ် အသိအမှတ်ပြုခန့်အပ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် အသိအမှတ်ပြု ခန့်အပ်ပေးခဲ့ပြီး ၎င်းခန့်အပ်မှုဟာ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများမှာ အထူးအရေးပါလှသလို မြန်မာနိုင်ငံ အတွက်လည်း နာဂဒေသ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပထမဆုံးကျန်းမာရေးဆိုင်ရာ သံတမန်ခန့်အပ်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှ အစပြု၍

၂၀၁၆ ခုနှစ် ဇွန်လအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ခေါ်လားမား ကျေးရွာတွင်ဖြစ်ပွားခဲ့တဲ့ ဝက်သက်ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားမှုကြောင့် ရောဂါဖြစ် ပွားသူများတွင် သေဆုံးမှုများရှိခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကပဲ နာဂဒေသ၏ ပကတိအခြေအနေ များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိသွားစေကာ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့် နာဂဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တွန်းအားတစ်ခုဖြစ်လာခဲ့တယ်။ ကွင်းဆင်းအဖွဲ့များ အလျင်အမြန်ဖွဲ့စည်းကာ ရောဂါထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ခဲ့ကြတယ်။ ဝန်ထမ်း လိုအပ်ချက်တွေရှိနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီမံမှုဖြင့် ခြောက်လတာ ယာယီတာဝန် ထမ်းဆောင်လိုသော ကျန်းမာရေးဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းများက တကြွ်ကစွာပါဝင်ခဲ့ကြပါတယ်။ လိုအပ်တဲ့ ငွေ၊ ပစ္စည်းတွေကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းကာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အထူးခြားဆုံးမှာ ထန်ခေါ်လားမား ဖြစ်စဉ်တစ်လျှောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် လက်ထောက်ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးဟာ၂၀၁၆ ခုနှစ် ဩဂုတ်လရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆု ပေးအပ်ခြင်း ခံရပါတယ်။

 

တစ်ဖက်တွင်လည်း ထန်ခေါ်လားမား ဖြစ်စဉ်ကြောင့်နာဂဒေသအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကြုံတွေ့နေရသော အားနည်းချက်များ၊ စိန်ခေါ်မှု အဟန့်အတားများကို လက်တွေ့ကျကျ သုံးသပ်နိုင်ခဲ့ကြပါတယ်။ ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမရရှိခြင်းဟာ အားနည်းချက်များထဲမှ အရေးကြီးတဲ့ အကြောင်းအရင်းများဖြစ်တာကြောင့် ယခုအခါ ကာကွယ်ဆေးထိုး အပြည့်အဝရရှိရန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်စေရန် ခက်ခဲကျေးရွာများ အထိ ကျန်မာရေးဝန်ထမ်းများကို တိုးမြှင့်တာဝန်ချထားခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

 

သို့သော်လည်း နာဂဒေသ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စိန်ခေါ်မှုများ ကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ စိန်ခေါ်မှုများစွာထဲက လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ဘာသာစကားအခက်အခဲ၊ နာဂလူမျိုးတွေရဲ့နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးအသိပညာနိမ့်ကျမှု စတာတွေဟာ အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲများဖြစ်ပါတယ်။

 

လမ်းပန်းဆက်သွယ်ရေး အခက်အခဲ

မြန်မာပြည် အနောက်မြောက်ဖျားမှာတည်ရှိတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မြေပြန့်လွင်ပြင်နည်းပါးပြီး တောင်ကုန်းတောင်တန်းများပေါများကာ ရာသီဥတုအနေဖြင့်လည်း မိုးကောင်းသော ဒေသဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ များစွာ အခက်အခဲရှိပါတယ်။ ထို့အပြင် နာဂလူမျိုးတို့နေထိုင်ရာ ကျေးရွာအများစုမှာ ၎င်းတို့၏ ရိုးရာယုံကြည်မှုအရ တောင်ထိပ်များပေါ်တွင် တည်ထားခြင်းက ကျေးရွာအရောက် လက်လှမ်းမီမှုကို အဟန့်အတားဖြစ်စေပါတယ်။ 

 

ဘာသာစကားအခက်အခဲ

၂၀၁၂ ခုနှစ်အထိ မှတ်တမ်းများအရ အဓိကနာဂမျိုးနွယ်စု ၁၆ ခုရှိပြီး ပြောဆိုတဲ့ ဘာသာစကားမှာလည်း ၈၉ မျိုးရှိပါတယ်။ ဒါကြောင့် နာဂဒေသမှာ ကျန်းမာရေး အသိပညာ မြှင့်တင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများအတွက် မတူညီတဲ့ယဉ်ကျေးမှုနဲ့ ဘာသာစကား ကွဲပြားခြားနားမှုများက ဆက်သွယ်ပြောဆိုရာမှာ ကြီးစွာသော အဟန့်အတားဖြစ်စေပါတယ်။

 

 

နာဂလူမျိုးများ၏ နေထိုင်မှုပုံစံနှင့်

ကျန်းမာရေးအသိ

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နာဂလူမျိုးများရဲ့ လူနေမှုပုံစံ၊ အဆင့်အတန်းနဲ့ ကျန်းမာရေးအသိတို့မှာ ယခုအချိန်အထိ များစွာနိမ့်ကျနေဆဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နာဂလူမျိုး အများစုနေထိုင်ရာ ရိုးရာအိမ်များဟာ လေဝင်လေထွက် နည်းပါးပြီး လူနဲ့တိရစ္ဆာန် ရောနှောနေထိုင်ရာ အိမ်များဖြစ်ကြတယ်။ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနဲ့ အခြားသောကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေအလွန်များတဲ့ နေထိုင်မှုပုံစံတွေ ဖြစ်ပါတယ်။ ထို့ပြင် ယင်လုံအိမ်သာ သုံးစွဲမှုနှုန်းဟာလည်း လွန်စွာမှ နည်းပါးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုလည်း အားနည်းကြပါတယ်။ တစ်ဖက်တွင်လည်း နာဂကျေးရွာအများစုဟာ တောင်တန်းတောင်ထိပ်များပေါ်မှာ ရွာတည်ထားတဲ့အတွက်ကြောင့် ရေကောင်းရေသန့်ရရှိမှု၊ ရေဖူလုံမှု နည်းပါးပါတယ်။ ကျန်းမာရေးအသိပညာ နည်းပါးခြင်းနဲ့ ကျန်းမာရေးနဲ့စံညီအောင် နေထိုင်နိုင်မှုမရှိခြင်းက နာဂလူမျိုးများ ရောဂါဘယထူပြောရခြင်းရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ ထို့အတူ ကျန်းမာရေးအသိမြှင့်တင်ရေးလုပ်ငန်း (Health Literacy Promotion)ဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပထမဦးစားပေး လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှုပေးထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့်လည်း နာဂဒေသ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်မှုရှိသည်ဟု ယူဆ၍မရကြောင်း မှတ်ချက်ပြု လမ်းညွှန်ထားပါတယ်။ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးကဏ္ဍဟာ အရေးကြီးတဲ့အခန်းမှ ပါဝင်နေပါတယ်။

 

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် နာဂဒေသအတွင်း ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားရန်အတွက် ပုံမှန်သမားရိုးကျနည်းလမ်းတွေကို အသုံးပြုခြင်း ထက် ဒေသနဲ့ကိုက်ညီတဲ့ နည်းလမ်း(အဓိကအားဖြင့် ဒေသခံ နာဂလူမျိုးများအကြား လွှမ်းမိုးသူ၊ စည်းရုံးမှုရှိနိုင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးဦး)ကို ချဉ်းကပ်အသုံးပြုခြင်းက ပိုမိုထိရောက် နိုင်မှာဖြစ်ကြောင်း နားလည်သဘောပေါက်လာပါတယ်။

 

နာဂလူမျိုးတစ်ဦးဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အဆိုတော် မာရီကိုးလ်ဟာဆိုရင် ပြည်တွင်းမှာ အောင်မြင်မှုရရှိနေသကဲ့သို့ နာဂတို့ရဲ့ဒေသမှာဆိုရင်လည်း နာဂလူမျိုး ပရိသတ်များအကြား အအောင်မြင်ဆုံး၊ လွှမ်းမိုးမှုအရှိဆုံး၊ ချစ်ခင်အခံရဆုံး သရုပ်ဆောင် အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ဒီအကြောင်းအရင်းဟာဆိုရင်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအနေဖြင့် သရုပ်ဆောင်အဆိုတော် မာရီကိုးလ်အား နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးသံတမန်-၂၀၁၈ အဖြစ်ခန့်အပ်ပြီး နာဂဒေသကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းများတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး (Health Literacy Promotion) ၏ အရေးပါမှုကို လမ်းညွှန်ပေးခဲ့သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဦးဆောင်မှုပေးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ ကြီးကြပ်မှု ပေးခဲ့သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ဝန်ထမ်းများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေး အသိပညာမြှင့်တင်ရေး သံတမန်- ၂၀၁၈ အဖြစ် လက်ခံဆောင်ရွက်ပေးခဲ့ပါသော ဗီဒီယိုနှင့် ရုပ်ရှင်သရုပ်ဆောင် အဆိုတော်မာရီကိုးလ်အား စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းအတွက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။