စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ၂၈ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့  အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၁၁ နာရီက မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇူလိုင် ၂၇ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးနေသော Agriculture Income Improvement Project(AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများအတွက် စတုတ္ထအကြိမ်​မြောက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ တက်ရောက်၍ စီမံကိန်းဧရိယာတွင် ရာသီဥတု​ပြောင်းလဲလာမှုကို ရင်ဆိုင်​ကျော်လွှားနိုင်ရန်အတွက် သင်တန်းတက်​ရောက်လာသည့် စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားပြီး အဆိုပါသင်တန်းတွင်  တက်ရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဧရိယာ(ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး) မြို့နယ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၅ ဦးအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်းကို တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဓာတ်ခွဲခန်းရုံးသို့ ရောက်ရှိပြီး သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၊ မျိုးစေ့အရည်အသွေး စစ်ဆေးခန်းနှင့် မြေအသုံးချရေး ဓာတ်ခွဲခန်းတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် မုံရွာမြို့နယ် ဇလုပ်စိုက်ပျိုးသုတေသနခြံသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်နေမှု အေခြအနေအားတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ အထွေထွေတင်ပြချက်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။

 

ယင်းနောက် မုံရွာမြို့ ကန်သာယာကန် အနောက်ဘက်ခြမ်း လှပသာယာရေးအတွက် အသစ်ဆောင်ရွက်လျက်ရှိသည့် လေညှင်းခံလျှောက်လမ်း (၈၀၀၀)စတုရန်းပေအရှည် ‌ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)