စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အခြားမဏ္ဍိုင်များနှင့် အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်

ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမှုအားကောင်းခိုင်မာရန်အတွက် နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှသည်။ လွှတ်တော်များသည် နိုင်ငံသားပြည်သူများကို ကိုယ်စားပြုလျက် ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဥပဒေ၏ အကာအကွယ်ရယူ၍ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရန်နှင့် ဥပဒေ၏အကာအကွယ်ကို တန်းတူရရှိစေရန် လိုအပ်သည့် ဥပဒေသစ်များ အတည်ပြုပြဋ္ဌာန်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။


လွှတ်တော်များသည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် ဥပဒေပြုရေးအာဏာအပြင် အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ၍ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို အပ်နှင်းရရှိထား သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဓိကတာဝန်ဖြစ်သော ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။


လွှတ်တော်အစည်းအဝေးများကျင်းပ
ဒုတိယအကြိမ် လွှတ်တော်များသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ (၅)နှစ်သက်တမ်းဖြစ်ရာ ပြည်ထောင်စုလွှတ်တော်သည် ယခုဆိုလျှင် စတုတ္ထ(၁)နှစ် တာကာလကို ကျော်လွန် ဖြတ်သန်းခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ပုံမှန်အစည်းအဝေး (၄)ကြိမ် ကျင်းပနိုင်ခဲ့သည်။


ဥပဒေဆိုင်ရာကိစ္စရပ်များ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းအပြင် လက်ရှိ အာဏာတည်ဆဲ ဥပဒေများကို အမြဲမပြတ် ဆန်းစစ်လေ့လာကာ ၎င်းတို့အထဲမှ ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ခေတ်စနစ်နှင့်အညီ ပြန်လည် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သည်။


ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ၊ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ လောင်းကစားဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တံတားကြီးများဥပဒေ၊ အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းဥပဒေ၊ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာ ချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဥပဒေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေ၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေ၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ မြန်မာနိုင်ငံ ဆေးပညာ ရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့်လက်မှတ်များ ဥပဒေ၊ အခြေခံ ပညာရေးဥပဒေ၊ သွင်းကုန်ပမာဏ မြင့်တက် ခြင်းမှ ကာကွယ်ပေးမှုဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင် သည့် ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ စသည်ဖြင့် ဥပဒေ ၂၄ ခုကို အသစ်ပြဋ္ဌာန်းနိုင်ခဲ့ သည့်အပြင် ဥပဒေ ၁၁ ခုကို ပြင်ဆင်နိုင်ခဲ့သည်။


ထိုဥပဒေများအနက် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံး ဖြတ်ရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေများကို နှစ်စဉ် နှစ်တိုင်း ဘဏ္ဍာရေးနှစ်မစတင်မီ ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။


ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်သတ်မှတ်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။


ကော်မတီများဖွဲ့စည်းမှု
ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများတွင် ပါဝင်သော ကော်မတီဝင်ဦးရေ တူညီစွာပါဝင်သည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်အခွင့်အရေးကော်မတီ နှစ်ရပ်မှ သင့်လျော်သော ကော်မတီဝင်များဖြင့် ဖွဲ့စည်းသည့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတို့ကို ဒုတိယသက်တမ်း၏ ပထမပုံမှန် အစည်းအဝေးကာလမှစ၍ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်နာယက၊ ဒုတိယ နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ဥက္ကဋ္ဌများပါဝင်သော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ (၁)နှစ်တာကာလအတွင်း မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) အစည်းအဝေး တစ်ကြိမ် ကျင်းပနိုင်ခဲ့သည်။


စာချုပ်များနှင့် သဘောတူညီချက်များ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း နိုင်ငံ တကာစာချုပ်များနှင့် သဘောတူညီချက် စုစုပေါင်း ၂၂ ခုကို လွှတ်တော်၌ ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။

 

Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 တို့ကို လက်ခံကျင့်သုံး ဆောင်ရွက်ရန်၊ အခြေပြစာချုပ်ငယ် (၂) ၏ အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်၊ အာဆီယံ - ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အသက်ဝင်ရေး အတွက် အတည်ပြုကြောင်း အသိပေး အကြောင်းကြားစာကို စာချုပ်ဝင်နိုင်ငံ အားလုံး သို့ ပေးပို့ရန်၊ အာဆီယံ - ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန်၊ အာဆီယံတရားသူကြီးချုပ်များ ကောင်စီက ဆွေးနွေးညှိနှိုင်းသဘောတူပြီး ဖြစ်သော အာဆီယံတရားသူကြီးများကောင်စီ ပဋိညာဉ်စာတမ်း အတည်ပြုနိုင်ရန်နှင့် ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် စသည့် နိုင်ငံတကာ စာချုပ်များနှင့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။


ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ရုံးသုံးမော်တော်ယာဉ် ငါးစီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ် ခွင့်ရရှိရေး၊ Protocol of 1988 relating to the International Convention for the Safety of Life at Sea,1974 တွင် မြန်မာနိုင်ငံ က ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာ သိပ္ပံ-မူဝါဒ လုပ်ငန်းအဖွဲ့သို့ ဝင်ရောက်ရေး၊ အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် စတုတ္ထအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးနိုင်ရေးနှင့် အတည်ပြုနိုင်ရေး၊ အာဆီယံ ဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူစာချုပ် တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံ ခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် တည်ထောင်သည့် နားလည်မှုစာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးရေး၊ Memorandum of Understanding on the Improvement of Safety Standards and Inspection for Non – Convention Ships Within ASEAN Member States တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ The Protocol of 1988 relating to the International Convention on Load Lines, 1966 (LL PROT 1988) တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (IACA) ကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စ စသည့် နိုင်ငံတကာစာချုပ်များနှင့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။


ထို့အတူ အာဆီယံဒေသတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် (APMRA)တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ သက်ကြီးရွယ်အိုအဖွဲ့အစည်းဆိုင်ရာ အာဆီယံ ဗဟိုဌာနထူထောင်ရေးစာချုပ်၊ Convention on Limitation of Liability for Maritime Claims, 1976 (LLMC 1976) နှင့် Protocol of 1996 to amend the Convention on Limitation of Liability for Maritime Claims, 1976 (LLMC PROT 1996) ၊ International Convention for the Unification of Certain Rules of Law Relating to Bill of Lading (“Hague Rules”) ၊ Hague Visby Rules နှင့် SDR Protocol ၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသော အပြည်ပြည် ဆိုင်ရာ ကျိုတိုသဘောတူစာချုပ် (WCO Revised Kyoto Convention) တွင် မြန်မာ နိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများ၊ အငယ်ဆုံး အသက်ပြဋ္ဌာန်း ချက်အမှတ် -၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေး၊ Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေး ကိစ္စများကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။


ချေးငွေဆိုင်ရာကိစ္စရပ်များ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေများဖြစ်သည့် မြန်မာ နိုင်ငံ၏ ဒေသတွင်းအခြေခံအဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလီယံ ချေးငွေရယူရန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းပေးရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၁၀၁၆ ဒသမ ၈၁၈ ဘီလီယံ ချေးငွေရယူရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတိုးတက် ကောင်းမွန်စေရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးငွေရယူရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အလုံးစုံ ပြင်ဆင်မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်းချေးငွေရယူရန် ကိစ္စများကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။


ထို့ပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန် ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေ ရယူရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရန်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကျေးလက်လမ်းများ ဆက်သွယ်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာသန်း ၅၁ ဒသမ ၂၀ ချေးငွေရယူရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေ ရယူရန်တို့ကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။


ထို့အတူ ပညာရေးဝန်ကြီးဌာနမှ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးငွေရယူရန်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များကို ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရ ထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ချေးငွေ ရယူ ရန် စသည်ဖြင့် ပြည်တွင်း၊ ပြည်ပချေးငွေ ၁၁ ခုကို လွှတ်တော်၌ ဆွေးနွေးအတည်ပြုနိုင်ခဲ့ သည်။


နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

မြန်မာလွှတ်တော်အနေဖြင့် နိုင်ငံတကာ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ဖွဲ့စည်း ထားရှိသည်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း ASEAN Inter-Parliamentary Assembly (AIPA) အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲ များ (၁၂)ကြိမ်နှင့် Inter-Parliamentary Union (IPU) အစည်းအဝေး (၃)ကြိမ် စုစုပေါင်း ၁၅ ကြိမ် တက်ရောက်နိုင်ခဲ့သည်။


ထို့ပြင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Joint Coordination Committee - JCC) အဖွဲ့ကို ၂၀၁၆ ခုနှစ် မေ ၂ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအဆင့် လွှတ်တော် များသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ လွှတ်တော်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီပေးရေး အစီအစဉ်များကို အကျိုးရှိစွာ ရယူဆောင်ရွက်လျက်ရှိသည်။


အခမ်းအနားများ
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် လွှတ်တော်ဝင်းအတွင်း သဘင်ဆောင်၌ ကျင်းပခဲ့ပြီး ထိုအခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ဒီမိုကရေစီ အထိမ်းအမှတ် စာတမ်းများ ဖတ်ကြားဆောင်ရွက်ခဲ့သည်။


၂၀၁၉ ခုနှစ်သည် နိုင်ငံတကာပါလီမန် များအဖွဲ့ (IPU) တည်ထောင်မှုနှစ် ၁၃၀ ပြည့် မြောက်သည့် အခါသမယဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့ နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်း ရှိ ပါလီမန်များတွင် 130 Years of Empowering Parliamentarians ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် IPU နှစ် ၁၃၀ ပြည့် လှုပ်ရှားမှုအပါအဝင် အထိမ်းအမှတ်ပြပွဲတစ်ရပ် ခင်းကျင်းပြသ ခဲ့သည်။


ထို့ပြင် နိုင်ငံ၏ ပုံရိပ်ကို စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူငယ်လူရွယ်များ၏ စိတ်ဓာတ်သဏ္ဌာန်တွင် ဒီမိုကရေစီ မျိုးစေ့ရှင်သန်ရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကို အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် နှင့် တက္ကသိုလ်အဆင့် စသည်ဖြင့် သတ်မှတ်၍ ဆုချီးမြှင့်မှုအစီအစဉ်များကို ထည့်သွင်းကျင်းပခဲ့သည်။


ထို့အတူ ဒုတိယကြိမ် လွှတ်တော်များ၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်တွင် လွှတ်တော်ဝင်းအတွင်း ကျင်းပခဲ့ပြီး ၎င်းအခမ်း အနားတွင် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။


သုတေသနဆိုင်ရာဆောင်ရွက်ချက်များ
ပြည်ထောင်စုလွှတ်တော်သည် သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် Customer တစ်ဦးချင်း မေးခွန်းများ ဖြေကြား ခြင်းနှင့် သုတေသနစာတမ်းတိုများ ရေးသား ဖြန့်ဝေခြင်းတို့ကို အဓိက ဝန်ဆောင်မှုပေးလျက် ရှိသည်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း နိုင်ငံရေးဆိုင်ရာ စာတမ်းတို ၂ စောင်၊ စီးပွာရေး ဆိုင်ရာ စာတမ်းတို ၅ စောင်၊ ဥပဒေကြမ်း စာတမ်းတို ၃ စောင်၊ စာရင်းအင်းဆိုင်ရာ စာတမ်းတို ၄ စောင်နှင့် အထွေထွေစာတမ်းတို ၅ စောင် စုစုပေါင်း ၁၉ စောင် ရေးသားပြုစု၍ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။


Westminster Foundation of Democracy – WFD ၏ ပံ့ပိုးကူညီမှုဖြင့် UK အောက်လွှတ်တော်မှ ကျွမ်းကျင် ပညာရှင်များနှင့် မြန်မာလွှတ်တော်ရုံးများမှ သုတေသန ဝန်ထမ်းများ ပူးပေါင်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ရုံးများမှ သုတေသနဌာနရှိ ဝန်ထမ်းများအတွက် သုတေသနစွမ်းရည်ဆိုင်ရာ ဆွေးနွေးပွဲကို ပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အစီ အစဉ်ဖြင့် ဝန်ထမ်းများ အင်္ဂလိပ်စာ အရည် အသွေး ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာသင်တန်း ၁ ကြိမ်နှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုသင်တန်း ၂ ကြိမ်၊ အခမ်းအနားမှူး သင်တန်း ၁ ကြိမ်တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ထို့ပြင် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ ၂ ကြိမ်ကို ပြုလုပ်ဆောင်ရွက်ပေး နိုင်ခဲ့သည်။ ဝန်ထမ်းများအတွက် လေ့လာ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (Learning and Development Plan) စစ်တမ်း မေးခွန်းလွှာများ (questionnaire) ဖြန့်ဝေ ကောက်ခံနိုင်ခဲ့ပြီး ရရှိသော အချက်အလက် များအရ ဝန်ထမ်းတစ်ဦးချင်းစီအတွက် လိုအပ် သော သင်တန်းများပေးနိုင်ရန် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။


e-Parliament အကောင်အထည်ဖော်

e-Parliament စနစ်ကို အကောင်အထည် ဖော်ရာတွင် Hluttaw Intranet (Share Point) စနစ်ကိုအသုံးပြုပြီး လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များ၊ စာရွက်စာတမ်း များ လုံခြုံလျင်မြန်စွာ ပေးပို့အသုံးပြုလျက် ရှိသည်။ Hluttaw Intranet ကို လွှတ်တော် ကိုယ်စားလှယ်များသို့ ၂၀၁၉ ခုနှစ် မေလတွင် စတင်မိတ်ဆက်ပြီး ကော်မတီအလိုက် သုံးစွဲ လျက်ရှိသည်။


လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ICT နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုရာတွင် အခက်အခဲမရှိစေရေး အတွက် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ စတင်၍ ICT Helpdesk Counter ထားရှိပြီး လိုအပ်သည့် နည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။


စတုတ္ထ (၁) နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည်များသည် နည်းပညာအကူအညီများကြောင့် ပိုမိုမြင့်မား တိုးတက်ကောင်းမွန်လာခဲ့သည်။ ထိုကဲ့သို့ လွှတ်တော်များ၊ ပြည်သူတို့၏ စိတ်ကူးအိပ်မက် များကို ပြည်သူတို့ကိုယ်စား အကောင်အထည် ဖော်ပေးနေသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ စွမ်းဆောင်ရည်များ မြင့်မားလာသည်နှင့်အမျှ ပြည်သူတို့၏ မျှော်လင့်ချက်၊ လိုလားချက်များသည် ပြည့်ဝအောင်မြင်လာ မည်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုသော် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ စတုတ္ထ (၁)နှစ် တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားအတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းပေးခြင်းနှင့် နိုင်ငံတကာ သဘောတူ စာချုပ်များ၊ ချေးငွေများကို အတည် ပြုပေးခြင်း၊ သုတေသနဝန်ဆောင်မှုပေးခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ထိုကဲ့သို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကြီးသည် အခြားမဏ္ဍိုင်ကြီးများနှင့် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်ရင်း စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။ ။

ဆောင်းပါး - နန္ဒာဝင်း ၊ ဓာတ်ပုံ - တာရာ