စစ်တွေကမ်းခြေ အနားယူအပန်းဖြေသူများဖြင့် စည်ကားများပြား

စစ်တွေ  ၈  ဇူလိုင် 

 

ရခိုင်ပြည်နယ် စစ်တွေမြို့ကမ်းခြေတွင် အနားယူအပန်းဖြေသူများ၊ ဘောလုံးအားကစားပြုလုပ်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

တနင်္ဂနွေရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ စစ်တွေမြို့ပေါ်မှ လာရောက်အပန်းဖြေအနားယူသူများ၊ အနီးနားမြို့နယ်များမှ လာရောက်အပန်းဖြေသူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိသည်။

 

“ကျွန်တော်က ရန်ကုန်ဇာတိပါ။ စစ်တွေကို လုပ်ငန်းတာဝန်နဲ့ လာရောက်နေထိုင်တဲ့ အစိုးရဝန်ထမ်းတစ်ဦးပါ။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တိုင်း ဒီသောင်ပြင်မှာလာပြီး အပေါင်းအသင်းတွေနဲ့ ဘောလုံးကစားပါတယ်။ ဒီနေရာမှာ ကန်ရတာက ပင်လယ်ကိုဖြတ်ပြီး တိုက်လာတဲ့ လေကောင်းလေသန့်လည်းရတယ်။ သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါခြေဗလာနဲ့ ဘောလုံးကစားရတာကိုလည်း သဘောကျပါတယ်။ ဒါမျိုးက အခြားမြို့တွေမှာ မရနိုင်ပါဘူး” ဟု ကိုကောင်းမြတ်က ပြောသည်။

 

စစ်တွေကမ်းခြေတွင် အနားယူအပန်းဖြေရန်ရောက်ရှိလာသူ စစ်တွေမြို့ဒေသခံ မအေးအေးခိုင်က “ဒီကမ်းနားလမ်းတစ်လျောက်က လေကောင်းလေသန့်လည်းရတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေလည်းလုပ်လို့ကောင်းတယ်။ ပေါ့ပေါ့ပါးပါး အစားအစာတွေလည်း ဝယ်စားလို့ရလို့ ကျွန်မတို့မြို့ကို လာတဲ့ပြည်တွင်းက ဧည့်သည်တွေရော၊ ပြည်ပကဧည့်သည်တွေရော၊ မြို့ခံတွေပါ အများအပြားလာကြတဲ့နေရာဖြစ်ပါတယ်။ လူများတဲ့အခါကျတော့ လူတွေစွန့်ပစ်တဲ့ အမှိုက်တွေကို သက်ဆိုင်ရာဌာနတွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေက ရံဖန်ရံခါလာရှင်းပေးကြ ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တိုင်အမှိုက်ကို စနစ်တကျစွန့်ပစ်စေချင်ပါတယ်။ ဒါမှလည်း ဒီကမ်းခြေသာယာမှုကို ရေရှည်ထိန်းထားနိုင်မှာပါ” ဟု ပြောသည်။

 

စစ်တွေမြို့ ကမ်းနားလမ်းတစ်လျောက်နှင့် ကမ်းခြေတို့တွင် နံနက်ပိုင်းအချိန်များ၌ ကျန်းမာရေးအတွက် လမ်းလျောက်သူများ၊ အပြေးလေ့ကျင့်သူများ လာရောက်လေ့ရှိပြီး ညနေပိုင်းအချိန်များတွင် ဘောလုံးကန်ခြင်း အုပ်စုဖွဲ့၍ ကစားနည်းများ ကစားခြင်း နှင့် လေကောင်းလေသန့်ရရှိရန် လေ့ကျင့်ခန်း လာရောက်လုပ်ဆောင်လေ့ရှိသည်။ စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် ပိုမိုလာရောက်လေ့ရှိကာ လူဦးရေထောင်နှင့်ချီ၍ လာရောက်ကြ ကြောင်းလည်း သိရသည်။

 

အောင်သူရ၊ဟန်လင်းနိုင်