စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး

နားက ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။ အကြားအာရုံမရှိရင် ဘယ်လောက်ခက်လဲ ဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကို အသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ ခံစားချက်က တော်တော်လေးဆိုးတာ နားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့ အရာရာကို နားလည်ဖို့က တော်တော်လေးတော့ ခက်တယ်။ ဒီတော့ အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။

အကြားအာရုံက ဒီလောက်အထိအရေးပါတာပါ

အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။ အကြားအာရုံချို့တဲ့မှုက အပြောစွမ်းရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းမှပဲ နေ့စဉ်ဘဝမှာ အခက်အခဲမရှိ ရှင်သန်နေထိုင်နိုင်မှာပါ။ အကြားအာရုံကြောင့်ပဲ အဆင်ပြေနေတာတွေ အများကြီးပါ။ အကြားအာရုံ ချို့ယွင်းနေသူတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝမှာ အကောင်းဆုံး လည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့ အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင် ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။

ဒါတွေကြောင့် အကြားအာရုံထိခိုက်နိုင်ပါတယ်

အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့ အချက်တွေထဲကတစ်ခုပါ။

  • ကျယ်လောင်လွန်းတဲ့ အသံတွေ
  •  ဆူညံသံတွေ
  • သီချင်းအကျယ်ကြီးနားထောင်တာ
  • နားထဲကိုရေဝင်တာ
  •  နားထဲကို ပြင်ပအရာဝတ္ထုတစ်ခုခုဝင်တာ
  • နားကလော်တာ
  •  နားသန့်ရှင်းရေးလုပ်တာတွေကြောင့် နားထိခိုက်နိုင်ပါတယ်။

နားကို ဒီလိုဂရုစိုက်ပါ

အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။

နားသန့်ရှင်းတဲ့အခါ

  • နားကို အလွန်အကျွံသန့်စင်တာမျိုးရှောင်ပါ။
  • နားအတွင်ပိုင်းထဲကို တုတ်ချောင်း၊ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးကလော်တာမျိုးရှောင်ပါ။ ဒီလိုလုပ်တာက အခန့်မသင့်ရင် နားစည်ကို ထိခိုက်စေနိုင်ပါတယ်။
  • နားဖာချေးက နားအတွင်းပိုင်းကို သန့်စင်ပေးတဲ့ သဘာဝစနစ်တစ်ခုပါ။ ဒါကြောင့် နားဖာချေးတွေကို တစ်စမကျန် ထုတ်ပစ်တာမျိုး မလုပ်ပါနဲ့။
  • နားထဲကနာတယ်၊ အရမ်းကိုယားနေမယ်ဆိုရင် စိတ်ထင်တိုင်း ကလော်တာမျိုး၊ နားထဲကို တစ်ခုခုထည့်တာမျိုး (အရွက်အရည်တွေညှစ်ပြီးထည့်တာမျိုး) မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့ သွားပြပေးပါ။
  • သီချင်းတွေကို နားကြပ်တပ်ပြီး အသံကျယ်ကြီးနားထောင်တာမျိုး မလုပ်ပါနဲ့။
  • နားကနေ ပြည်၊ ဒါမှမဟုတ် အရည်တွေထွက်နေရင် ဆရာဝန်နဲ့ချက်ချင်းပြပေးပါ။
  • အသံဆူညံတဲ့ အားကစားပွဲတွေကို သွားရောက်အားပေးမယ်ဆိုရင် နားကို ဂွမ်းဆို့သွားပါ။ ခပ်ဖွဖွလေးဆိုရင် အဆင်ပြေပါတယ်။
  • ရေကူးတဲ့အခါမျိုး၊ သင်္ကြန်ထွက်လည်တဲ့အခါမျိုး နဲ့ ခေါင်းလျှော်တဲ့အခါမျိုးမှာ နားကို နားဆို့လေးနဲ့ ဆို့ထားပေးပါ။ မတော်တဆ ရေဝင်တာကြောင့် နားထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။
  • နှာစေးတဲ့အခါ နှာခေါင်းနှစ်ဖက်စလုံးကို ပိတ်ပြီး နှပ်ညှစ်တာမျိုးမလုပ်ပါနဲ့။ နားစည်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။
  •  အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်တဲ့အခါ အဖျားတာရှည်မခံပါနဲ့။ လိုအပ်တဲ့ ကုသမှုကို အမြန်ဆုံးခံယူပေးပါ။ ဒါမှနားထဲကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်မှာပါ။

နေ့စဉ်ရေချိုးပြီးတိုင်း နားထဲရေဝင်နေခဲ့ရင် ဂွမ်းစလေးနဲ့ နားထဲကရေတွေကိုဖယ်ထုတ်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ နားကိုဂွမ်းလေးဆို့တာမျိုးလုပ်ပါ။ နားထဲကို မတော်တဆ တစ်ခုခု ဝင်သွားခဲ့ရင်လည်း တတ်ကျွမ်းနားလည်သူထံကနေ အကူအညီယူပါ။ နားထဲကို အရွက်ကြိတ်ရည်တွေ ထည့်တာမျိုးရှောင်ပါ။ အုန်းဆီစစ်စစ်ကိုတော့ နားထဲကို ထည့်ပေးလို့ရပါတယ်။ အရေးကြီးတဲ့အကြားအာရုံကို သေချာလေးဂရုစိုက်လို့ ချစ်ခင်ရသူတွေရဲ့ အသံနဲ့ သဘာဝက ကြည်နူးစရာကောင်းတဲ့ အသံလေးတွေကို ခံစားနိုင်ကြပါစေကြောင်း………

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details?id=com.creative_webstudio.myanmardigitalnews&hl=en တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/us/app/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}