စေတုတ္တရာမြို့၌ ဆီမီးချောင်း ရေတိုက်စားနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ရေကာတာ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

၁၆ သြဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က စေတုတ္တရာမြို့၌ ဆီမီးချောင်း ရေတိုက်စားနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ရေကာတာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လက်ရှိ စက်ရုံအဝင်လမ်းသည် စေတုတ္တရာမြို့အတွက် ရေတား တမံကဲ့သို့ဖြစ်နေသော်လည်း ရေတိုက်စားမှုဆက်လက်ဖြစ်ပွားပါက စက်ရုံအဝင်လမ်း ပျက်စီးသွားမည့်အပြင် စေတုတ္တရာမြို့ပါ ထိခိုက်မှုရှိ လာမည်ဖြစ်ပါကြောင်း၊ စက်ရုံအဝင်လမ်းကို ဆီမီးချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ အလျား ပေ ၁၄၆၀ ရှိ ကျောက်စီမြေထိန်းတမံကို တည်ဆောက်ပေးထားခဲ့သော်လည်း လုံလောက်သည့် ကာကွယ်မှုပေးနိုင်ခြင်းမရှိသည့်အပြင် ပျက်စီးမှု အနည်းငယ်ရှိနေပြီဖြစ်ပါကြောင်း၊ စေတုတ္တရာမြို့နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ အဝင်လမ်းတို့ကို ဆီမီး ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် စေတုတ္တရာမြို့၏တောင်ဘက်ရှိ ငဖဲ-စေတုတ္တရာ ဆီမီးချောင်းတံတားနှင့် ခိုဝင်ကျေးရွာအကြား ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ် သည့် စုစုပေါင်းအလျား ပေ ၆၄၂၀ ခန့်ရှိသည့်အနက် က.ပ.စ ကတည်ဆောက်ပေးထားသော မြေထိန်းနံရံအလျားပေ ၁၄၆၀ ကိုချန်လှပ် ပြီး ကျန်ရှိသည့်အလျား ပေ ၄၉၆၀ ခန့်ကို ကျောက်စီမြေ ထိန်းတမံ သို့မဟုတ် Steel Basket ကမ်းထိန်းတမံတည်ဆောက်ပေးပြီး အဆိုပါ ကမ်းထိန်းတမံကို Steel Basket ရေလွှဲရေကာ စုစုပေါင်း ၁၂ ခုဖြင့် တွဲဖက်တည်ဆောက်ပေး ပါက ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ၂၉-၁၀-၂၀၁၈ ရက်နေ့ တွင် ကွင်းဆင်းတိုင်းတာစစ်ဆေးချက်များအရ တွေ့ရှိရပါကြောင်း၊ ထိုသို့တည်ဆောက် ပေးမည်ဆိုပါက စုစုပေါင်း ရန်ပုံငွေ ကျပ် ၁၂၃၁.၃၇ သန်းခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ထားပါကြောင်း၊ ၎င်းအပြင် ကမ်းထိန်းတမံအထက်တွင် မြေထိန်းနံရံ အဆင့်ဆင့်ကို တည်ဆောက်ပေးနိုင်မည်ဆိုပါက ရေကြီးရေလျှံမှုများကို ပိုမိုထိန်းသိမ်းနိုင်မည် ဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဆီမီးချောင်းရေတိုက်စား နစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် တင်ပြခဲ့သည့် ကမ်းထိန်းတမံတည်ဆောက်ခြင်းနှင့် Steel Basket ရေလွှဲရေကာများ တွဲဖက်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် လည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားခြင်းမရှိပါသဖြင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြားခဲ့သည်။


ယခုဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အချိန်၊ ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းရာ နောက်နှစ်များတွင် ဘတ်ဂျက်လျာထားနိုင်မှု ရှိ/မရှိမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီး ၎င်းတို့၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို ဦးစားပေးအစီအစဉ်ဖြင့် ဘတ်ဂျက်လျာထားသည့် အပေါ် မူတည်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနအနေဖြင့် နည်းပညာအကူအညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကိုယ်စားလှယ်တော်ကြီးကို အကြံပြုလိုခြင်း သည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကို ညှိနှိုင်းပြီး ပြည်ထောင်စုကို တင်ပြမည်ဆိုပါက မိမိတို့အနေဖြင့် သက်ဆိုင်ရာနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


MDN
Credit. ပြည်သူ့လွှတ်တော်