စေတုတ္တရာမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စေတုတ္တရာ  ၅  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များသည် ယနေ့ နံနက်ပိုင်းက  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများရှိ မဲရုံများ၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းမြင့်နှင့် အဖွဲ့ခွဲဝင်များသည် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိမဲရုံများ၌ ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော မဲရုံအတွင်း/အပြင် ပြင်ဆင်ထားရှိမှုများ၊ ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ လုံခြုံရေးချထားဆောင်ရွက်မှုများနှင့် လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုအတွက် နေရာချထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။ 

စေတုတ္တရာမြို့နယ်တွင် မဲရုံ (၆၉)ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၄၆၅၁ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)