စေတုတ္တရာမြို့နယ်တွင် ပြောင်းစိုက်တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိ

စေတုတ္တရာ ၂၆ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မုန်းချောင်းဘေးရှိ ကိုင်းမြေများတွင် မြေအောင်ရေဖြင့် ဖူးစားပြောင်းစိုက်ခင်းများ ရာသီမရွေးစိုက်ပျိုးကြသော တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဖူးစားပြောင်းများ စိုက်ပျိုးဖြစ်ထွန်းမှုနှင့် ပတ်သက်၍ လယ်ပြင်စုရပ်ကွက်ရှိ ပြောင်းစိုက်တောင်သူ ဦးကျော်မင်းထွန်းက “ပြောင်းဖူးကို စိုက်ပျိုးလာခဲ့တာ လေးငါးနှစ်ရှိပါပြီ။ စိုက်တဲ့ပြောင်းဖူး အမျိုးအစားကတော့ (Colour Five) မျိူးဖြစ်ပြီး ပြောင်းမျိုးစေ့ နို့ဆီဘူးတစ်ဘူးကို ငွေကျပ် (၂၂၀ဝ၀) ပေးရပါတယ်။ ထယ်ထိုးပြီး ရေသွင်းပြီးတော့ ၂ ပေခွဲတန်းခြားစနစ်နဲ့ တစ်ပင်နဲ့တစ်ပင် ၁၀ လက်မခြားပြီး စိုက်တာပါ။ ၁၅ ရက်သားမှာ ပုလဲဓာတ်မြေဩဇာကျွေးပြီး ၂၅ ရက်သားမှာ ရေသွင်းပေးရပါတယ်။  ပြောင်းဖူးကို စိုက်တဲ့ရက်ကစပြီး ရက်ပေါင်း (၇၅)ရက်ကြာရင် ချိုးရပါတယ်။ မနှစ်တုန်းကတော့ တစ်ဖူးကို ငွေ(၁၀ဝ)ကျပ်နှုန်းနဲ့ ရောင်းရပြီး ဒီနှစ်မှာတော့ တစ်ဖူးကို (၁၅၀)ကျပ်နဲ့ ရောင်းရကာ နေ့စဉ်ဝင်ငွေရနေတော့ အဆင်ပြေပါတယ်။ ဒီနှစ်မှာတော့ နို့ဆီတစ်ဘူးစိုက်ကို ငွေကျပ် (၂၀ဝ၀ဝ၀) ကျော်ရမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

 

စေတုတ္တရာမြို့နယ်အတွင်း၌ ဖူးစားပြောင်းများ စိုက်ပျိုးခြင်းဖြင့် မိသားစုများ နေ့စဉ်ဝင်ငွေ ရရှိသောကြောင့် တစ်ပိုင်တစ်နိုင် ပြောင်းစိုက်တောင်သူများ ပိုမိုများပြားလာကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)