ဆားဖျက်လေတယ်

လေပြည်ကလေးက တစ်ချက်ဝှေ့လိုက်တိုင်း ဝှေ့လိုက်တိုင်း မြလှိုင်းတွန့်ကြီးများသည် မြောက်ဘက်ကန်သင်းမှ တောင်ဘက် ကန်သင်းသို့ ပြေးလွှားရိုက်ခတ်သွားလေ၏။ လယ်ကွက်တစ်ခုဆုံးသော် လယ်ကွက်တစ်ခုတွင်းသို့ပြောင်းလျက် အိခနဲအိခနဲ မြလှိုင်းလိပ်ကြီး များ ပြေးခတ်သွားပြန်သည်။ 

ကိုဆေးရိုးသည် နေခြည်အကြွတွင် ဝင်းစိုနေသော မြလှိုင်းအိကြီးများ ပြေးသွားရာသို့ လည်ကိုဆန့်တန်း၍ ငေးမျှော်ကြည့်နေမိ၏။ လှိုင်းတွန့်ကြီးသည် မရပ်နားဘဲ ပြေးလွှားနေ၏။ လယ်တစ်ကွက်ဆုံးသော် နောက်လယ်တစ်ကွက်၊ သည်လယ်တစ်ပွဲဆုံးသော် နောက်လယ်တစ်ပွဲ။ မျက်စိဖြင့်ကြည့်မြင်နိုင်သော ခရီးတာသာ ကုန်ဆုံးမှုန်ဝါးသွားသည်။ ဆက်၍ဆက်၍ မြူးကြွနေသော မြလှိုင်းတွန့်ကြီး၏ ခရီးကား မဆုံးသေး။ 

“အင်း ...” 

ကိုဆေးရိုးသည် ခေါင်းကိုငုံ့၍ ညည်းလိုက်မိလေ၏။ မိမိတို့ ကျင်လည်ရာဘဝသည်လည်း ဤမြလှိုင်းတွန့်၏ခရီးနှင့် ဘာများထူးခြားကွဲလွဲပါသေးသနည်း။

ရက်များကို တစ်ရက်ပြီးတစ်ရက် ကုန်လွန်စေခဲ့ရ၏။ လပေါင်းများစွာကို ဖြတ်သန်းပြီးသကာလ နှစ်ပေါင်းမြောက်မြားစွာကိုလည်း ဝါးမျိုခဲ့ရပေပြီ။ မြလှိုင်းတွန့်၏ ခရီးသံသရာ ဘယ်မှာဆုံးတိုင်မည် မသိသလို မိမိတို့၏ မွဲနုံသောခရီးကြမ်းသည်လည်း ဘယ်ကာလတွင် အဆုံးသတ်မည်မသိ။ လေပြည်ညင်းရာ စပါးပင်ကွင်းကြီးတစ်လျှောက် ထကြွလာသော မြလှိုင်းအိအိကြီးသည် မဆုံးနိုင်သောခရီးကို ဖြတ်သန်းပြေးလွှားသွားရပေမယ့် လှိုင်းတွန့်၏နောက်ဝယ် ဘာတစ်ခုမျှ အမှတ်အသားမကျန်ခဲ့ချေ။ ဪ... မိမိတို့၏ဘဝသည်လည်း တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် နွားနှင့်ဖက်ရုန်းကာ တလင်းနှင့် လယ်ပြင်လှည့်ပတ်ကာ ကျင်လည်ခဲ့ရ၏။ ဘာမျှပြောင်းလဲတိုးတက် ခြင်းဖြစ်ပေါ်၍ မလာပါကလား။ 

“အင်း... ဘုရား... ဘုရား” 

အသက်အရွယ်ထောက်၍ သွားများပင် ခြောက်ချောင်းမျှ ကျိုးလာပြီဖြစ်သည့်အတွက် ကိုဆေးရိုး၏ ညည်းတွားသံဝယ် တရားသံ၊ ဘုရားသံ ပါဝင်လာ၏။ သူ၏ ကြည့်ရှုဆင်ခြင်ချက်တိုင်းသည်လည်း တရားသဘော စဉ်းငယ်နှော၍လာပေပြီ။ ကိုဆေးရိုး ရပ်နေရာ လယ်ကွက်ထိပ်တွင် ငှက်ကြီးဝန်ပိုတစ်ကောင်သည် ဈာန်ဝင်စားနေသော မထေရ်တစ်ပါးအလား ငြိမ်သက်စွာရပ်နေ၏။ ဝေသာလီဗျိုင်း ကလေးတစ်ကောင်မှာမူ စပါးပင်များကြားသို့ ထိုးသုတ်ကာ ပျံတက်သွား၏။ ဗျိုင်းငယ်၏ အော်သံပျောက်ကွယ်သွားလျှင် ကိုဆေးရိုး၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မြဲတိတ်ဆိတ်နေလေ၏။ သို့သော်လည်း ကန်သင်းခြေတွင်ကပ်လျက် တသွင်သွင်ဆင်းနေသော ရေစီးသံကလေးကမူ ကိုဆေးရိုး၏နားတွင်းသို့ ညင်ညင်သာသာကလေး ဝင်ရောက်နေ သေးသည်။ 

အချိန်မှာ ကဆုန်လမှစ၍ ထွန်ရေးငင်ခဲ့ရသော လယ်သမားများ အနားယူကြရသောအချိန်ဖြစ်၏။ နွေတစ်ဝက်နှင့် တစ်မိုးလုံး ကုန်ခန်းခဲ့ရသော အားအင်တို့၏နေရာတွင် အင်သစ်အားသစ်ကိုလည်း မွေးရသောအချိန် ဖြစ်ပေသည်။ 

လယ်ကွင်းထိပ်တွင် ရပ်မိလျှင်ပင် ကိုဆေးရိုးတို့မှာ မျှော်လင့်ချက်သည် ဝင်းခနဲပြက်လာရ၏။ အားသစ်အင်သစ်သည် ဖြစ်ထွန်းလာသည်။ လန်းဆန်းလာသည်။ လေသွဲ့ရာနွဲ့ချီနေသော မြရောင်ရှိန်းရှိန်း ကွင်းလုံးစိမ်းနေသော စပါးပင်ပိန်းပိန်းကြီးများသည်ပင် ကိုဆေးရိုးတို့၏ အားသစ်ထွန်းရာ မျှော်လင့်ချက်ရိပ်ကွန်းမဟုတ်ပါလား။ သည်စပါးပင်တို့၏ ရင်ခွင်ကြားမှ မွေးဖွားလာသော စပါးနှံဖြိုးဖြိုး အက်အက်ကြီးများသည် မကြာမြင့်မီ နှစ်လအတွင်း၌ ရွှေ၏အဆင်းကို ဆောင်သော၊ ချစ်စဖွယ်အသွေးကိုဆောင်သော စပါးနုများအဖြစ်သို့ ရောက်ရပေတော့မည်။ ထိုစပါးပုံများသည် မကျီးဒန်အတွက် ထသွားလာသွား လုံချည်အင်္ကျီကလေးများ၊ တဲကလေးကို ပြင်ဆင်ဖို့ရန် ဝါးဖိုး၊ လျှော်ဖိုးကလေးများ၊ ရံတိုင်ဆွေးနေပြီဖြစ်သောလှည်းကို ပြင်ဆင်စရာစသည် စသည်ဖြင့် သုံးစွဲစရာ၊ လုပ်ကိုင်စရာများအတွက် အလိုဖြည့်ပေးမည့် ပစ္စည်းများ ဖြစ်ချေသည်။ 

သို့ကြောင့်လည်း လယ်ထိပ်မှာရပ်လိုက်သည်နှင့် အားအင်သစ်ထွန်းလာရခြင်းဖြစ်၏။ ကန်သင်းပေါင်များပေါ်သို့ လျှောက်လိုက် ပြန်တော့လည်း ပန်းတော်နီမြက် ရွှန်းမြမြများသည် နှင်းဥဆွတ်ဆွတ်ဖြင့် ဆီးကြိုနေသည်။ ကန်သင်းပေါင်တွင် စူးထိုးစိုက်ထားသော ပဲငါးပိပင်များမှာလည်း ကော့ရရော့ဖြင့် နှင်းမိုးဝနေ၏။ 

ဤနှင်းရည်ဝနေသော ကန်သင်းပေါင်ပေါ်လျှောက်ကာ ကန်သင်းပေါင်များလုံရဲ့လားဟု ကြည့်ရသည်။ ပုစွန်နှင့် မြွေလက်ပတ်များ ဖောက်ထားသောအပေါက်ကိုတွေ့လျှင်ပိတ်၏။ ကန်သင်းထဲတွင် ရေနေများသည်ထင်လျှင် ရေတားသောအပေါက်ကို နှိမ့်ချ၍ နိမ့်နေသည်ထင်လျှင် မြှင့်ပေးရုံပဲရှိသည်။ 

ရာသီကား ဆောင်းလယ်၊ တာဝန်ကားကန်သင်းလျှောက်သော အလုပ်။ ငြိမ်းခြင်းနှင့် အေးချမ်းခြင်းတို့ ရောယှက်နေသောအခါမှာမှ ကိုဆေးရိုးက တရားနှင့်ယှဉ်သောအတွေးကို တွေးနေမိခြင်းဖြစ်သည်။ ကိုဆေးရိုးသည် ကန်သင်းခြေတွင်ကပ်နေသော စပါးပင်တစ်ပင်၏ ခြေရင်းရှိ ငွေချည်ဖြင့် ရက်ရှယ်ထားသလို ဖွေးဥနေသောအမြစ် ကလေးများကို ငေးကြည့်နေမိ၏။ ရေလျဉ်သည်စပါးမြစ်ကြားမှ တိုးဝှေ့စီးဆင်းသွားသည်။ လက်သန်းခန့်ငါးကလေးများမှာလည်း ငြိမ့်ညောင်းသော ရေလျဉ်ဝယ် မြူးထူးကူးခတ်နေ၏။ တောင်ဘက် လယ်ကွင်းထဲမှ မြက်ရိတ်သူမအချို့ ဟစ်လိုက်သောသီချင်းသံသည် မြောက်လေကိုဆန်၍ ပျံတက်လာသည်။
 
“အင်း... နွားတော့မွေးထားပြီး ကိုယ့်လယ်ထဲက မြက်ကို မရိတ်ဘဲ သူများလယ်ထဲ လိုက်ခိုးတဲ့ သူခိုးမတွေ...’’

ကိုဆေးရိုးက ခေါင်းထောင်ကြည့်ကာ ရေရွတ်လိုက်၏။ စောစောက သိမ်မွေ့အေးဆေးနေသော ကိုဆေးရိုး၏မျက်နှာပြင်မှာ ယခုမူ တိမ်စင်ဆဲကာလကို ပျံဖြန့်လာသော တိမ်ညိုအုပ်နှယ်တင်းမာသွားလေသည်။ ယခုလိုရာသီသည် နွားစာခက်သောလဖြစ်၏။ ဒီလမျိုးမှာမှ သူတစ်ပါးလယ်ထဲကမြက်ကိုမှ လယ်ရှင်အလစ်ချောင်းပြီး လိုက်လံခိုးယူနေသူများကို အဘယ်မှာလျှင် မုန်းတီးစွာလှမ်းမျှော်မကြည့်ဘဲ နေနိုင်ပါမည်နည်း။ တလင်းတွင်းကစုပုံထားသော ကောက်ရိုးများမှာ လယ်စိုက်ပြီးချိန်တွင် ကုန်ခန်းသွားလေ့ရှိ၏။ နွားကျွေးစရာ ကောက်ရိုး မရှိသောအချိန်သည် ကန်သင်းပေါင်၌ မြက်မပေါက်သေးသောအချိန် နှင့်လည်း တိုက်ဆိုင်နေပြန်၏။ မိုးဦးကျက ပေါက်ထားသော မြက်ကလေးများမှာ ကန်သင်းဆွဲရာတွင် ကန်သင်းသစ်မြေအောက်သို့ ရောက်ကုန်၏။ နွားရှိသူတိုင်း ဂျင်ခြေလည်သောလ၊ လယ်ထဲကမြက်ကို စောင့်၍များပင် ကြည့်နေရသောလတည်း။ 

သည်နှစ်မူ ရွာကိုရေလွှမ်းသည့်အတွက် ကောက်ရိုးပုံများ ရေထဲသို့ မျောပါခဲ့ရသည်။ ရေထဲသို့ပါမသွားသော ကောက်ရိုးပုံများမှာလည်း ရေနူးပြီးသားနှင့် ရွှံ့ပေကျံနေသောကောက်ရိုးဖြစ်သည့်အတွက် နွားမစားပေ။ ကိုဆေးရိုးတို့မှာ ရေနှိပ်စက်သွားသည်ကို ခံရ၊ နွားစာရှာရနှင့် အသက်ပင်ဖြောင့်ဖြောင့်မရှူနိုင်ခဲ့ပေ။ ထိုရက်များအတွင်းက ကိုဆေးရိုးတို့သည် ရေဒဏ်မရောက်သောရွာများမှ တောင်းရမ်း၍ရသော ကောက်ရိုးများကိုကျွေးရ၏။ ကောက်ရိုးရှားလေခါမှ နွားများက စားရိုးစားစဉ်စားသည်ကို အစားကြီးသည်ဟု ကိုဆေးရိုး ထင်လေ သလား၊ နွားတွေကပဲ တကယ်အစားကြီးလာသလားတော့မသိ။ ကိုဆေးရိုးကတော့ “နွားတွေတော့ သရောခိုင်းနေပြီထင်တယ်”ဟု ရေရွတ်ခဲ့မိ၏။ 

“ကြံကြံဖန်ဖန်တော် နွားများ သရောခိုင်းရမယ်လို့ နိမိတ်မရှိ နမာမရှိ” 
မကျီးဒန်က ကန့်ကွက်ယူခဲ့ရ၏။ သို့ရာတွင် ကောက်ရိုးများမှာ ကုန်လွယ်လှ၏။ လယ်ထဲမှာမြက်မပေါမီ သည်ကောက်ရိုးများကုန်စင် သွားလျှင်ခက်တော့မည်။ ကိုဆေးရိုးမှာ လှည်းအဖော်လေးစီးနှင့်အတူ စောင်ရန်းတိုင်နှစ်တိုင်း တက်ခုတ်ရာ အနောက်တောသို့ မြက်ရှာထွက်ခဲ့ရသည်။ အနောက်တော၌ မျောက်မြားမြက်များ ပေါလှသည်။ ခြောက်စ၊ အစိမ်းရောင်ပြယ်စမြက်များကို အစည်းကလေးလုပ်ပြီး လှည်းဖြင့် အမောက်တင်ခဲ့ရ၏။ ကောက်ရိုးကုန်မှာစိုးသောကြောင့် မြက်ခြောက်နှင့် ရောကျွေးခဲ့ရသည်။ 

ကိုဆေးရိုးတို့ဒေသ၌ နွားစားကျက်ဟူ၍ သီးသန့်မရှိ။ လယ်မလုပ်ဘဲ နွားချည်းသာ မွေးမြူထားသူများအဖို့ ကောက်ရိုးများများ ဝယ်ထား နိုင်လျှင်ထား၊ မထားနိုင်လျှင် သူတစ်ပါး၏လယ်ထဲကမြက်ကို လျှောက်ခိုးဖို့ကလွဲ၍ အခြားနည်းမရှိချေ။ ယင်းနည်းလမ်းသည် ကိုဆေးရိုးတို့လို လယ်သမားများ ခံနိုင်စရာမရှိသည့်အပြင် ယခုလို မြက်ရှားပါးနေသေးသော ရာသီမှာဆိုလျှင် ရန်သူတော်ကြီးတစ်ပါးတည်း။ 

“တောက်....” 

သူ့ဘာသာသူ တရားသဘောသက်ဝင်ပြီး အေးငြိမ်းနေသော ကိုဆေးရိုးမှာ မြက်ရိတ်သူမတို့၏တေးသံကြောင့် ဒေါသရိပ် လွှမ်းလာရ၏။ တက်ခေါက်ကာ ဒေါသတကြီး လှမ်းကြည့်နေမိသည်။ ကိုဆေးရိုးမှာ ပုစွန်လုံးခွံအခြောက်ကလေးများကို တက်နင်းမိသည်ကိုလည်း သတိမထားမိတော့။ နှင်းရည်ကလေးတွေဥနေသော ပဲငါးပိပင်များကိုနင်းမိကာ ခြေထောက်တစ်ခုလုံး ရွှဲရွှဲစိုနေသည်ကိုလည်း သတိမမူနိုင်တော့ဘဲ မြက်သူခိုးများ ရုတ်တရက်မမြင်နိုင်သော နေရာတစ်ခုတွင်ထိုင်ကာ မြက်များကို တဖြင်းဖြင်းနှင့် ဆွဲရိတ်နေမိ၏။ မြက်တစ်ဖုတ်ကို လက်ကဆွဲဖမ်းလိုက်၊ မြက်သူခိုးများ လာနိုင်သောလမ်းကို လှမ်းကြည့်ရင်း တံစဉ်ဖြင့် ဆွဲဖြတ်လိုက်လုပ်နေစဉ် မိန်းမတစ်ယောက်သည် မြောင်းပေါင်ပေါ်သို့တက်လာ၏။ 

“အေး .. သိကြရောပေါ့ကွာ” 

ကိုဆေးရိုးက စိတ်ထဲမှကျိတ်၍ ကြုံးဝါးလိုက်သည်။ 

မြောင်းပေါင်ပေါ်သို့တက်လာသော မိန်းမသည် ပုဆိုးစုတ် တစ်ထည်ကို ပခုံးတင်ထားကာဘွဲ့ဟောင်းတစ်ခုကို လက်ကတန်းလန်း ဆွဲထား၏။ သူသည် သူခိုးမျက်စိဖြင့် ဟိုဟိုဒီဒီကြည့်နေကာ နှစ်ကိုယ် ကြားမျှ သီချင်းညည်းနေပေသည်။ မြက်သူခိုးဟုထင်ရသောမိန်းမ သည် အတန်ကြာအောင် ဆက်လက်ရပ်နေပြီးမှ အောက်သို့ တဖြည်း ဖြည်းဆင်းလာ၏။ ကိုဆေးရိုးသည် စပါးပင်များကြားမှ ကုန်းကုန်းကြီး ထပြီး ထိုမိန်းမကိုလှမ်းကြည့်သည်။ မိန်းမမှာ သီချင်းကလေးတအေးအေးဖြင့် မျက်လုံးကစားပြီးနောက် စပါးပင်များကြားတွင် ထိုင်ချလိုက်၏။ 

ကိုဆေးရိုးသည် တံစဉ်ကိုကိုင်မြှောက်၍ ပြေးသွားကာ ခြေဖြင့်ဆောင့်ကန်လိုက်ချင်၏။ သို့ရာတွင် သူ့အားမတော်တရော်ပြုမူပါသည် ဟူ၍ အော်လိုက်သော်ဟူသောအတွေးက ခေါင်းထဲသို့ ဝင်လာသည့်အတွက် ကြွပြီးသားခြေလှမ်းမှာ ပြန်၍ကျသွား၏။ 

“ဒါဖြင့် ငါဒီလိုပဲ ခံနေရတော့မလား” 

မှန်ပေသည်။ မည်သို့မျှမလုပ်ဘဲနှင့်လုပ်ပါသည် စွပ်စွဲတိုင်း ထောင်ကျရလျှင် ထောင်ထဲတွင် လူတွေပြည့်နေတော့မည်။ သို့မို့ကြောင့် သူခိုးကို သူခိုးလိုပဲ ဆက်ဆံရပေတော့မည်ဟူ၍ ဆုံးဖြတ်ကာ စပါးပင် ပေါ်သို့ မိမိ၏ကိုယ်လုံးကြီး ပေါ်မလာအောင်ကုန်း၍ ချဉ်းကပ်လာခဲ့သည်။ မြက်ရိတ်သံသည် တဖြင်းဖြင်းနှင့် လေးလေးမှန်မှန် ထွက်ပေါ်နေ၏။ တဖြည်းဖြည်းနှင့် ကန်သင်းထိပ်သို့ ကိုဆေးရိုးရောက်လာသည်တွင် မိမိဘက်သို့ ကျောပေးကာ ပန်းတော်နီမြက်များကို သူခိုးပီပီ ခပ်သွက်သွက်ရိတ်ဖြတ်နေသော မိန်းမကို မြင်ရလေပြီ။ ကျောပြင်ကြီးကိုကြည့်ကာ ကိုဆေးရိုးက ကြုံးဝါးလိုက်မိ၏။ 

(ဆက်လက်ဖော်ပြပါမည်)

ဆင်ဖြူကျွန်းအောင်သိန်း