ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မော်တော်ယာဉ်/စက်ပြင်နှင့် ဂဟေသင်တန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ မွေးထုတ်ပေး

 

 

ဘားအံ   ၂၈  ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ဘားအံ) တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့ ပူးပေါင်းပြီး ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ် (၈)၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၈)၊ မော်တော်ယာဉ်/ စက်ပြင်သင်တန်း အမှတ်စဉ် (၇) နှင့် ဂဟေသင်တန်း အမှတ်စဉ် (၆) သင်တန်းများ ဆင်းပွဲကို ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီက ဘားအံ စက်မှုဇုန်အနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

 

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က အမှာစကားပြောကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသောင်းထိုက်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ဘီအေဂျေဘားအံမှ အစီအစဉ် မန်နေဂျာ Mr.Hiroshi SUDO က သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ဆောက်လုပ်ရေး သင်တန်းအမှတ်စဉ် (၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၈)၊ မော်တော်ယာဉ်/ စက်ပြင်သင်တန်း အမှတ်စဉ် (၇) နှင့် ဂဟေသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းသားများအား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကိုလည်းကောင်း၊  သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ရေး သင်တန်းတွင် (၁၈) ဦး၊ လျှပ်စစ်သင်တန်းတွင် (၁၉) ဦး၊ မော်တော်ယာဉ်/စက်ပြင် သင်တန်းတွင် (၂၇) ဦးနှင့် ဂဟေသင်တန်းတွင် (၁၉) ဦး စုစုပေါင်း (၈၃) ဦးကို သင်တန်းကာလ (၆) လတာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လူငယ်များအား မွေးထုတ်ပေးနိုင်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းကို အလုပ်အကိုင် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)