ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်သည့် လုပ်ငန်းများ၏ အခက်ခဲကို ပြေလည်စေမည့် ဥပဒေတစ်ရပ် အကောင်ထည်ဖော်ရန် ဆောင်ရွက်နေ

မန္တလေး ၈ ဇန်နဝါရီ

ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်၊ လုပ်သားများကို အခက်ခဲကို ပြေလည်စေမည့် ဥပဒေတစ်ရပ် အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းသုံး ခွဲကျောက် ထုတ်လုပ်ရောင်းချသူများအသင်းတွင်  ဥပဒေပြုရေးကော်မတီအပါအဝင် ကော်မတီ ၈ ရပ်ဖွဲ့စည်းထားကြောင်းသိရသည်။

‘အခုရရှိနေတဲ့ ဥပဒေတွေက တစ်နှစ်ကို ဘယ်လောက်ကျမယ်ဆိုတဲ့ ဥပဒေ၊ ဘယ်လောက်ပေးရမယ်ဆိုတဲ့ ဥပဒေ၊ ဘာတွေဆောင်ရွက်ပေးမယ်ဆိုတဲ့ ဥပဒေမရှိဘူး၊ ကျောက်လုပ်ငန်းတွေမှာ အခက်ခဲတွေရှိတယ်။ ဒီအခက်ခဲတွေကို ပြေလည်စေတဲ့ ဥပဒေတစ်ခု တင်ပေးရမှာ’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးကျော်စွာဝင်းကပြောသည်။

အဆိုပါဥပဒေမူကြမ်းတင်သွင်းနိုင်ရန် ၃၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးနေပြီး ဒေသအလိုက် လုပ်ငန်းရှင်းများ၏ အခက်အခဲများကို ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ဥပဒေတစ်ရပ်ကို ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည်ဟု ဦးကျော်စွာဝင်းက ဆိုသည်။

‘မန္တလေးတိုင်းမှာရှိတဲ့ အခက်အခဲနဲ့ မွန်ပြည်နယ်မှာ ဖြစ်နေတဲ့အခက်အခဲက တူညီချင်မှ တူညီနိုင်မယ်။ နေရာဒေသအနှံ့အပြားက လုပ်ငန်းရှင်တွေ၊ လုပ်သားတွေရဲ့ အခက်ခဲတွေကို စုပြီး ဥပဒေပြုစုရေးကော်မတီကို တင်မယ်။ ပြောရမယ်ဆိုရင် ၃၀ ရာခိုင်နှုန်းလောက်ပြီးပြီ လို့ပြောလို့ရမယ်’ ဟု ဦးကျော်စွာဝင်းက ဆိုသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူများအသင်းသည် အသင်းဝင်လုပ်ငန်းရှင်များအတွက်  လိုင်စင်ပြုလုပ်ခြင်း၊ တင်ဒါလျှောက်ထားရာတွင် ထောက်ခံချက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ စသည်တို့ အတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။

မန္တလေးတိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၃၃၀ ခန့် ရှိကြောင်းသိရသည်။

အိမို့မို့ခိုင်