ဆော်လမွန်ကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပထမဆုံးတွေ့ရှိ

၄ အောက်တိုဘာ

 

ဆော်လမွန်ကျွန်းဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကင်းစင်တဲ့ နေရာ အဖြစ်ကနေ ကျဆုံးသွားပြီ ကျွန်းပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပထမဆုံးတစ်ယောက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

 

ပစိဖိတ်ကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ဆိုဂါဗာရီ က နိုင်ငံကို ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာတွင် ဖိလစ်ပိုင်နိုင်ငံကနေ ပြန်လည်ခေါ်ဆောင်လာတဲ့ နိုင်ငံသား ၉၆ ဦးထဲမှ တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကင်းစင်တဲ့ နိုင်ငံအဖြစ်မှာ မရှိတော့ကြောင်း ပြောကြားရတာ အင်မတန် နာကျင်ကြောင်း စနေနေ့က ပြောကြားပါတယ်။

 

လူဦးရေ ၆၀၀,၀၀၀ ကို စိတ်အေးအေးထားရေး နဲ့ ဗိုင်းရပ်စ်ကူးစက်မှု လမ်းကြောင်းကိုလည်း ရှာဖွေပြီးဖြစ်ကြောင်း၊ အသွားအလာကန့်သတ်ရန် မလိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးဟာ ဆော်လမွန်ကျွန်းကို ပြန်မလာခင် ဗိုင်းရပ်စ်ပိုး သုံးကြိမ် စစ်ဆေးရာတွင် ပိုးမတွေ့ရှိကြောင်း၊ နိုင်ငံကို ပြန်ရောက်ရှိပြီး ဗိုင်းရပ်စ်ပိုး စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ပြီး အခုသီးသန့် စောင့်ကြည့်မှုအောက်မှာထားရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

တခြားကျောင်းသူ ၁၈ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် မနီလာမှာပဲ သီးသန့်စောင့်ကြည့်ထားရှိကြောင်း သိရပါတယ်။

 

ဆော်လမွန်ကျွန်းရဲ့ နယ်စပ်တွေကို မတ်လကတည်းက ပိတ်ထားခဲ့တဲ့အတွက် ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ သောင်တင်နေကြပါတယ်။

 

ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေက အစိုးရကို ဖိအားပေးတဲ့အတွက် လေယာဉ်သုံးစီးနဲ့ ပြန်လည်ခေါ်ဆောင်ရေး လုပ်ရာတွင် ပြီးခဲ့တဲ့ အင်္ဂါနေ့က ပထမ ဦးဆုံး လေယာဉ် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP