ဆောမြို့နယ်တွင် ဥ(ပ်)ပူးချင်း တိုင်းရင်းသားစာပေ သင်ကြားပို့ချပေးလျက်ရှိ

ဆော ၁၈ ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ ချင်းရေးရာဝန်ကြီး ဦးလှထွန်းသည် ဂန့်ဂေါခရိုင် ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညှိအေး) ခန်းမတွင် ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီက ဆောမြို့နယ် လက်ထောက်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆောမြို့နယ် ဥ(ပ်)ပူးချင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဥ(ပ်)ပူးချင်း တိုင်းရင်းသားစာပေ ကျောင်းဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ ဥ(ပ်)ပူးချင်းစာပေသင် ကျောင်းဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

 

ဆွေးနွေးရာတွင် ချင်းရေးရာဝန်ကြီး ဦးလှထွန်းနှင့် တိုင်းပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းတို့က အမှာစကား ပြောကြားကြပြီး ဆောမြို့နယ် ဥ(ပ်) ပူးချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင် (စာကြည့်တိုက်ခင်မောင်)က အသင်း၏ကိုယ်စား ဆောင်ရွက်ရန်ရှိသည်များကို အကြံပြုတင်ပြသည်။

 

 

ထို့နောက် တက်ရောက်လာကြသည့် ဥ(ပ်)ပူးချင်းစာပေသင် ကျောင်းဆရာ/ဆရာမများက သိလိုသည်များကို မေးမြန်းရာ ချင်းရေးရာဝန်ကြီးက ပြန်လည်ဖြေကြားသည်။

 

 

ဆောမြို့နယ်တွင် ဥ(ပ်)ပူးချင်း တိုင်းရင်းသားစာပေ ကျောင်းဖွင့်လှစ်သည့် အခြေခံပညာကျောင်း (၅၀)တွင် သင်ကြားပေးသည့် တိုင်းရင်းသား ဆရာ/ဆရာမ (၁၂၅) ဦးရှိကြောင်း သိရသည်။

 

ကျော်သန်းဆွေ (၁၀၁)